ဩဂုတ်လ (၁၅)ရက်။
မနေ့က ည (၈)နာရီခွဲအချိန်က မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မိုးကုတ်အရှေ့ပိုင်း ရွှေကူရပ်ကွက် လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀)ဗုံး (၁)လုံး လာကြဲသွားတာ။ ပြည်သူတွေ ထိခိုက်သေဆုံးသလို နေအိမ်တွေ ထိမှန်ပျက်စီးတာရှိတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၁)လုံး ကြဲချခဲ့တာကြောင့် ပြည်သူ (၈)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ နေအိမ် (၇)လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ (၉)ရက်နေ့ကလဲ စစ်ကောင်စီတပ်က မိုးကုတ်မြို့အရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သာမဏေတပါးနဲ့ ပြည်သူ (၄)ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ဒါ့အပြင် အခုလထဲ စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့ မိုးကုတ်မြို့မှာ (၂)ကြိမ်၊ ကျောက်မဲမြို့မှာ (၁)ကြိမ်နဲ့ သီပေါမြို့မှာ (၂)ကြိမ် ဗုံးကြဲခဲ့ကာ သံဃာတွေအပါအဝင် ပြည်သူ (၁၇)ဦး သေဆုံးခဲ့ပြီး (၂၀)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
