စက်တင်ဘာလ (၁၀)ရက်။
မနေ့က ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိအောင် လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်နိုင်ဖို့ NUCC နဲ့ NUG တို့ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီလိုတွေ့ဆုံတာဟာ တော်လှန်ရေးအင်အားစုတွေအကြား နိုင်ငံရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိဖို့ကို ရည်ရွယ်ကြိုးပမ်းသွားမယ့် ဘုံနိုင်ငံရေးသဘောတူညီချက် ရရှိဖို့ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့လို့ ဆိုပါတယ်။
တွေ့ဆုံပွဲထဲ ဘုံနိုင်ငံရေးသဘောတူညီချက် ရရှိဖို့ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး နှစ်ဖက်ပူးတွဲလုပ်ဆောင်နိုင်ကြမယ့် နည်းလမ်းတွေကို စုစည်းဖော်ထုတ်တာတွေ ပြုလုပ်ခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ရပ်နားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့လထဲ NUCC က သက်ဆိုင်သူ ကိုယ်စားပြုအစုအဖွဲ့တွေ အားလုံးပါဝင်တဲ့ ဖက်ဒရယ်ညီလာခံပြုလုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်ဖို့ဆိုင်ရာ နိုင်ငံရေးသဘောတူညီချက်တွေ ဆွေးနွေးချမှတ်အတည်ပြုမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံရေးရပ်တည်ချက်တွေကို နိုင်ငံတဝန်းလုံးရှိ အင်အားစုအသီးသီးနဲ့ ဆွေးနွေးညှိနှိုင်းပြီး တော်လှန်ရေးရဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်တရပ် ရေးသားအတည်ပြုနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့လဲ ပြောဆိုထားချက်အရ သိရပါတယ်။
