စက်တင်ဘာလ (၁၃)ရက်။
PDF နဲ့ ရန်ကုန်တိုင်းပကဖတို့ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်ဖို့ကိစ္စရပ်နဲ့ပတ်သက်ပြီး စစ်ဆင်ရေးနယ်မြေတနေရာမှာ ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဆွေးနွေးပွဲကို MOD ဒုဝန်ကြ နိုင်ကောင်းရွက်အပါအဝင် တောင်ပိုင်းတိုင်း အမှတ်(၁)စစ်ဆင်ရေးမှူး ရဲဘော်စောရှားနဲ့ စစ်ရေး၊ စစ်ထောက်တာဝန်ခံတွေနဲ့ အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားတို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ရန်ကုန်တိုင်းပကဖဘက်က တာဝန်ခံ ရဲဘော်နောင်ရိုးနဲ့ မွန်ပြည်နယ်ပကဖတာဝန်ခံ ရဲဘော်ရန်ကျော်တို့ ပါဝင်ကာ PDF နဲ့ ပကဖ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းပကဖအနေနဲ့ တောင်ပိုင်းတိုင်းထဲရှိ အမှတ်(၁)နဲ့(၂) စစ်ဆင်ရေးနယ်မြေတွေမှာ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်တာတွေကို အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းထဲ AA က လေ့ကျင့်သင်ကြားပေးတဲ့ BPLA ရဲ့ NCO(အကြပ်)သင်တန်း အပတ်စဉ်(၂)မှာ ရန်ကုန်တိုင်းပကဖက ရဲဘော်အချို့ တက်ရောက်ပြီး သင်တန်းဆင်းခဲ့ပါသေးတယ်။
အဲ့ဒီသင်တန်းဟာ (၅)လခန့်ကြာမြင့်ခဲ့ပြီး BPLA အပါအဝင် Force For Federal Democracy(FFD)၊ သေမင်းတမန်(HOD-PDF)၊ ပကဖ(ကဝ)နဲ့ ပကဖ(အင်းတကော်) စတဲ့ မဟာမိတ်တပ်ဖွဲ့တွေက သင်တန်းသား၊ သင်တန်းသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
