စက်တင်ဘာလ (၁၃)ရက်။
ပယ်ဖျက်ခံရတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အယူခံဝင်ခွင့်မရှိဘူးဆိုပြီး စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အခုရက်ထဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ နိုင်ငံရေးပါတီတွေ ပယ်ဖျက်ခံရတာက အယူခံခွင့်မရှိပါဘူး။ ဥပဒေတိုင်းသာဖြစ်ပါတယ်။ ဒါက ဥပဒေပြဋ္ဌာန်းချက်အတိုင်းဖြစ်ပါတယ်။ ဒါကို အားလုံးဆုံးဖြတ်ပြီးမှ ဆုံးဖြတ်ချက်ချခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်” လို့ ရွေး/ကော်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဆိုပါတယ်။
နောက်ပြီး ပယ်ဖျက်ခံရတဲ့ နိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီး မှတ်တမ်းအချက်အလက်တွေရှိတာကြောင့် ရွေး/ကော်(UEC)မှာ တောင်းယူကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။
စစ်တပ်လက်အောက်ခံ ရွေး/ကော်က သတ်မှတ်ထားတဲ့ ပါတီဝင်ဦးရေနဲ့ ပါတီရုံးခန်းအရေအတွက် မပြည့်မီတာကြောင့်ဆိုပြီး NDF အပါအဝင် ပါတီ (၄)ခုကို ပယ်ဖျက်ခဲ့တာပါ။
NDF ပါတီ ပယ်ဖျက်ခံရတာကြောင့် အရင်က တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မယ့်ပါတီ (၉)ခုရှိတဲ့အထဲ (၆)ပါတီသာ ကျန်ရှိတော့တာပါ။
စစ်ကော်မရှင်ဟာ ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း(၁)ကို ကျင်းပဖို့စီစဉ်နေပြီး နိုင်ငံတကာက လေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေကို ခွင့်ပြုသွားမယ်လို့လဲ သိရပါတယ်။
