စက်တင်ဘာလ (၁၆)ရက်။
အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချတဲ့ အမျိုးသမီး (၁)ဦးနဲ့ အမျိုးသား (၂)ဦးကို ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်က ဖမ်းဆီးခဲ့သူတွေဟာ မန္တလေး ချမ်းမြသာစည်မြို့မှာ စံထိုက်သီ အထည်ချုပ်လုပ်ငန်းလုပ်တဲ့ CDM ပညာရေးဝန်ထမ်း သီတာဇော်၊ ဖြိုးမင်းစိုးနဲ့ ရန်ကုန် မင်္ဂလာဒုံမြို့က သန်းဇော်မိုးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ဟာ စစ်တပ်က ၅၀၅(က)နဲ့ အမှုဖွင့်ထားပြီး ပြည်ပကိုရောက်ရှိနေတဲ့ CDM ပညာရေးဝန်ထမ်း ခိုင်စုလွင်နဲ့ ပူးပေါင်းကာ အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်း ရောင်းချပြီး PDF တွေကို ထောက်ပံ့နေတာလို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိခဲ့သူတွေကို လိုင်စင်မရှိဘဲ အွန်လိုင်းစနစ်နဲ့ ရောင်းချခဲ့သူတွေနဲ့ PDF တွေဆီ ငွေကြေးထောက်ပံ့တာတို့ကို ထိရောက်စွာ အရေးယူနိုင်ဖို့ ဆောင်ရွက်မယ်ဆိုပြီးလဲ စစ်တပ်က ပြောဆိုထားပါတယ်။
နောက်ပြီး စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲ NUG နဲ့ PDF တွေကို ထောက်ပံ့ဖို့ အွန်လိုင်းကနေ ဈေးရောင်းသူတွေနဲ့ ငွေကြေးလွှဲပြောင်းသူတွေကို အကြမ်းဖက်ဥပဒေနဲ့ အရေးယူနိုင်ဖို့ စစ်ဆေးဖော်ထုတ်နေတယ်လို့ ခြိမ်းခြောက်ထားပါသေးတယ်။
ဒါ့အပြင် NUG နဲ့ PDF တွေကို အားပေးကူညီဖို့ ရည်ရွယ်ကာ အွန်လိုင်းစနစ်နဲ့ ဈေးရောင်းသူတွေနဲ့ ဝယ်ယူသူတွေကို လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားဖို့ကိုလဲ စစ်တပ်က ပြောဆိုထားတယ်လို့ သိရပါတယ်။
