စက်တင်ဘာလ (၁၈)ရက်။
စစ်ကော်မရှင်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို လက်တွဲဆန့်ကျင်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)နဲ့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ(MSCC)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
စက်တင်ဘာလ (၁၆)ရက်နေ့က MSFC သဘာပတိ နိုင်ကောင်းရွက် ဦးဆောင်တဲ့အဖွဲ့နဲ့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ(MSCC)ဥက္ကဋ္ဌ ဒေါက်တာခင်အောင် ဦးဆောင်တဲ့အဖွဲ့တို့ အွန်လိုင်းကနေ ပထမအကြိမ် တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတွေ့ဆုံပွဲမှာ မွန်ပြည်နယ်ထဲ နိုင်ငံရေး၊ စစ်ရေး ဖြစ်စဉ်တွေအပေါ် သုံးသပ်ဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲအပေါ် ဆွေးနွေးတာနဲ့ ရှေ့ဆက်လက်တွဲလုပ်ဆောင်မယ့် လုပ်ငန်းတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အကြမ်းဖက်နည်းလမ်းသုံးပြီး လိုချင်တဲ့ရလဒ်ထွက်အောင် ကြိုးပမ်းလာနိုင်တာကြောင့် ပြည်သူတွေ သတိရှိဖို့ MSFC က ပြောဆိုထားပါသေးတယ်။
စစ်ကော်မရှင်က ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်မှာ ကျင်းပဖို့ ပြင်ဆင်နေကာ အဲ့ဒီအထဲ မွန်ပြည်နယ်မှာ (၅)မြို့နယ်ပါဝင်တယ်လို့ သိရပါတယ်။
