စက်တင်ဘာလ (၁၉)ရက်။
မနေ့က နံနက်အစောပိုင်းအချိန်မှာ ရွှေကူမြို့နယ်ရှိ KIA ရဲ့ စစ်သင်တန်းကျောင်းနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“ မနေ့က နံနက်အစောကြီးပိုင်းမှာ ရွှေကူမြို့နယ်ထဲ KIA တပ်ရင်း(၁၂)က စစ်သင်တန်းပေးဖို့ ပြင်ဆင်နေတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့တာ” လို့ ဆိုပါတယ်။
စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာဟာ KIA တပ်ရင်း (၁၂)ရဲ့ စစ်သင်တန်းပေးဖို့ ပြင်ဆင်နေတဲ့နေရာဖြစ်ပြီး ဗုံးကြဲခံရတဲ့ဖြစ်စဉ်ကို KIA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုထားပါတယ်။
“ ပစ်ခတ်ခံရတာတော့ သေချာပါတယ်။ ထိခိုက်သေဆုံးတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်စာရင်းတော့ မသိရသေးဘူး။ ပစ်ခတ်ခံရတာက KIA တပ်မဟာ(၁၁)ရဲ့ တပ်ရင်း (၁၂)နယ်မြေထဲလို့ကြားတယ်” လို့ သူက ဆိုပါတယ်။
အခုလို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ (၁၇)ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ (၁၉)ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့သလို (၂၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသထဲသတင်းတွေက ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲ့ဒီတချိန်ထဲမှာပဲ စစ်တပ်ဟာ ရွှေကူမြို့တခုထဲကိုမဟုတ်ဘဲ KIA တပ်မဟာ (၉)နယ်မြေ ဖားကန့်နဲ့ တပ်ရင်း(၁၁) နမ္မတီးရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီဖြစ်စဉ်တွေထဲ ရွှေကူမြို့နယ် တိုက်ခိုက်ခံရတာမှာ လူထိခိုက်သေဆုံးတာ အများဆုံးဖြစ်ခဲ့ပြီး နမ္မတီးရွာ တိုက်ခိုက်ခံရတာမှာ အရပ်သား(၁)ဦး သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းကလဲ KIA တပ်မဟာ(၈)နယ်မြေရှိ စစ်သင်တန်းကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သင်တန်းတက်နေတဲ့ ကချင်လူငယ် (၃၀)ကျော် သေဆုံးခဲ့ရသေးတယ်လို့ သိရပါတယ်။
