စက်တင်ဘာလ (၂၇)ရက်။
အီလက်ထရောနစ်မဲပေးစက်က မဲမသမာတာပြုလုပ်မရဘူးဆိုပြီး ရုရှားကိုရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က သံရုံးနဲ့ စစ်သံရုံးမိသားစုတွေအပါအဝင် ပညာတော်သင်တွေနဲ့တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတာ မရှိစေဖို့အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ယုံကြည်စိတ်ချရတယ်လို့ ဆိုပါတယ်။
အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲနဲ့ သိက္ခာရှိတဲ့ လွှတ်တော်ဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူက ပြောဆိုခဲ့ပါသေးတယ်။
နောက်ပြီး မဲပေးတဲ့အခါ နိုင်ငံအကျိုး ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးနိုင်သူ၊ ဒို့တာဝန်အရေး(၃)ပါးကို ထိန်းသိမ်းကာကွယ်နိုင်သူ၊ နိုင်ငံကောင်းအောင် ဆောင်ရွက်နိုင်သူကို ရွေးချယ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒါ့အပြင် သံရုံး၊ စစ်သံရုံးမိသားစုတွေနဲ့ ပညာတော်သင်တွေအနေနဲ့ ရွေးချယ်မယ့်ကိုယ်စားလှယ်တွေကို မှန်မှန်ကန်ကန် ရွေးချယ်သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။
တွေ့ဆုံပွဲထဲ စစ်ခေါင်းဆောင်က နိုင်ငံတကာအခမ်းအနားတွေကို တက်ရောက်ခွင့်ရတာက နိုင်ငံအတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ရရှိတယ်ဆိုပြီးလဲ ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
