စက်တင်ဘယလ (၂၉)ရက်။
ပြီးခဲ့တဲ့လကစပြီး ဒီမော့ဆိုမြို့နယ်ထဲ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်ဟာ ဒီမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးတလျှောက်မှာ ဆက်လက်ထိုးစစ်ဆင်နေပြီး ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲမြို့မှာ စစ်ရေးလှုပ်ရှားနေတယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ မိုးဗြဲမြို့နဲ့ အနီးရှိကျေးရွာတွေက ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်ဆောင်နေပြီး ဖယ်ခုံမြို့ရှိ တောင်စလုံးကျေးရွာဘက်ကိုလဲ PNO နဲ့ ပူးပေါင်းကာ စစ်ကြောင်းဖြန့် လှုပ်ရှားနေတယ်လို့ အသိပေးထားပါတယ်။
နောက်ပြီး ဒီမော့ဆိုမြို့ရှိ ဒေါင်းငံခါးရပ်ကွက်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို အနီးဝန်းကျင်က ကျေးရွာတွေကို လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်ခတ်နေတယ်လို့ ပြောဆိုထားပါတယ်။
အခုအခါ စစ်တပ်ဟာ ဒီမော့ဆို-ဖရူဆို လမ်းမကြီးတလျှောက်မှာ စစ်ကြောင်းထိုးနေရာယူပြီး လမ်းမကြီးဘေးတွေက ကျေးရွာတွေကို အဆက်မပြတ် လက်နက်ကြီးတွေ ပစ်ခတ်နေကာ ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒီမော့ဆိုကနေ ဖရူဆိုဘက်ကို လမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့အတူ စစ်ယာဉ်တန်း (၅၀)နီးပါးကလဲ ဖရူဆိုနဲ့ အမှတ်(၁၄)တန်းမြင့်စစ်သင်တန်းကျောင်းတို့ကို ရောက်ရှိကာ အဲ့ဒီကနေ ဘောလခဲမြို့ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် စစ်တပ်စစ်ကြောင်းတွေနဲ့ နီးစပ်တဲ့ ဒီမော့ဆိုနဲ့ ဖရူဆိုမြို့နယ်က ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိဖို့နဲ့ တော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။
