ကျောက်မဲတိုက်ပွဲထဲ စစ်တပ်က ဗုံးအလုံး (၃၀)နဲ့ အဆိပ်ငွေ့ဗုံး (၃)လုံး ကြဲချတိုက်ခိုက်ခဲ့
စက်တင်ဘာလ (၂၉)ရက်။
မနေ့က စစ်တပ်ရဲ့ ထိုးစစ်ဆင်တာတွေကြောင့် ကျောက်မဲနဲ့ နောင်ချိုမြို့တို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNLA ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်ရဲ့ ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေဟာ ကျောက်မဲမြို့ လုံဝယ်၊ တောင်ဆေးလိပ်နဲ့ စခန်းသာရွာကြားဖြစ်ပြီး နောင်ချိုမြို့ ဆိပ်ဖူးရွာနဲ့ ဘန်ကာချောင်းရွာတို့ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ ကျောက်မဲမြို့ လုံဝယ်ရွာမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲထဲ လေကြောင်းကနေ ဗုံးအလုံး (၃၀)နဲ့ အဆိပ်ငွေ့ဗုံး (၃)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်တပ်ဟာ လုံဝယ်ရွာကို ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ TNLA က ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ အဆိပ်ငွေ့ဗုံးတွေကြောင့် TNLA တပ်ဖွဲ့ဝင်တွေ မူးဝေတာ၊ အော့အန်တာ၊ မအီမသာဖြစ်တာ၊ မောပန်းတာနဲ့ အသက်ရှုမြန်တဲ့လက္ခဏာ ဖြစ်ပေါ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်ရဲ့ အဆိပ်ငွေ့ဗုံးဒဏ်ကြောင့် အခုအချိန်မှာ TNLA ရဲ့ တပ်ဖွဲ့ဝင် (၃)ဦး ဆေးရုံမှာ ဆေးကုသနေရတယ်လို့လဲ အသိပေးထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
