စက်တင်ဘာလ (၂၉)ရက်။
မနေ့က ညနေပိုင်းအချိန်မှာ အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတခုကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က ညနေပိုင်းလောက်မှာ အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတခု လေကြောင်းပစ်ခံခဲ့ရပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ တပ်စိတ်မှုးအပါအဝင် ရဲဘော် (၃)ဦး ကျဆုံးခဲ့ပါတယ်။ အဖိုးတန်တဲ့ ဆုံးရှုံးတာတွေအတွက် ဖော်မပြနိုင်အောင် ကြေကွဲခံစားရပါတယ်” လို့ ဆိုပါတယ်။
ဖြစ်စဉ်ထဲ ကျဆုံးခဲ့သူတွေဟာ စခန်းခွဲရဲ့ အသက်(၂၀)အရွယ် စခန်းမှူးတာဝန်ယူထားတဲ့ တပ်စိတ်မှူး ရဲဘော် သေမင်း၊ God of Myaing ရဲ့ (၁၈)နှစ်အရွယ် ရဲဘော် ဗလနဲ့ PI PDF ရဲ့ (၃၄)နှစ်အရွယ် ရဲဘော် နိုင်ကြီးတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလို ဆုံးရှုံးတာတွေအတွက် ဖော်မပြနိုင်အောင် ကြေကွဲခံစားရပြီး တော်လှန်ရေးအပါအဝင် ရဲဘော်တွေရဲ့ မိဘတွေအတွက် ဆုံးရှုံးခဲ့တာတွေကို ပြန်လည်တောင်းယူ ကုစားသွားမယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။
ဒါ့အပြင် ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့ မျက်နှာကိုထောက်ရှုတဲ့အနေနဲ့ တော်လှန်ရေးထဲ ရိုးသားစွာ၊ ယုံကြည်စွာ၊ ခိုင်မာစွာနဲ့ လမ်းမှန်စွာ ပါဝင်ပေးဖို့ ရဲဘော်တွေနဲ့ ပြည်သူတွေကို တောင်းဆိုထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရပြီး ကျဆုံးခဲ့ရတဲ့ ရဲဘော် (၃)ဦးကို ဒီကနေ့ နံနက်ပိုင်းချိန်မှာ သင်္ဂြိုလ်ပေးခဲ့ကာ အခုဖြစ်စဉ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ သတင်းရတာကြောင့်ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုတာတွေရှိတယ်လို့ သိရပါတယ်။


