စက်တင်ဘာလ (၃၀)ရက်။
မနေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးမြို့ပေါ်ကို စစ်တပ်က ဗုံးကြဲခဲ့တဲ့အပေါ် လူမဆန်တဲ့လုပ်ရပ်လို့ KIA ရဲ့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြစ်တင်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က “ ဆဒုံးမြို့။ [မင်းတို့တတွေ…လူမဟုတ်တော့ဘူး]” လို့ မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
မနေ့က နေ့လယ် (၂)နာရီခွဲအချိန်က KIA ထိန်းချုပ်ထားတဲ့ ဆဒုံးမြို့လယ်ရှိ လူစည်ကားတဲ့နေရာကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဆဒုံးမြို့ကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တဲ့အချိန်ဟာ ကျောင်းဆင်းချိန်ဖြစ်ပြီး လူစည်ကားတဲ့ဈေးကို တိုက်ခိုက်ခဲ့ရာ မူကြိုကလေးငယ်တွေအပါအဝင် (၈)ဦးသေဆုံးပြီး (၇)ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဆဒုံးမြို့လယ်ရှိ လူစည်ကားတဲ့ဈေးကို ဗုံး (၂)လုံးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီရုံးကို ဗုံး (၂)လုံး ကြဲချခဲ့တာလို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
စစ်တပ်ဟာ ရွေးကောက်ပွဲမတိုင်ခင် ကချင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး မြေပြင်မှာလဲ စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။



