စက်တင်ဘာလ (၃၀)ရက်။
ရခိုင်ဒေသထဲ စစ်တပ်ရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးရန်နဲ့ပတ်သက်ပြီး အာရက္ခတပ်တော်(AA)က မနေ့ကရက်စွဲနဲ့ အရေးပေါ်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ရခိုင်ဒေသထဲတိုက်ပွဲတွေနဲ့ ရခိုင်ဒေသအစပ် (၃)နေရာမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေထဲ စစ်တပ်ဟာ အထိအခိုက်အကျဆုံးများစွာနဲ့ ရင်ဆိုင်နေရပြီး တပ်ပျက်နေတယ်လို့ ဆိုပါတယ်။
နောက်ပြီး သူတို့အဓမ္မစုဆောင်းထားတဲ့ တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်လိုစိတ်မရှိဘဲ ရှေ့တန်းနဲ့ နောက်တန်းတွေမှာ အခွင့်ရရင် တပ်ပြေးတာ၊ ဘက်ပြောင်းတာနဲ့ အလံဖြူထောင်ဝင်ရောက်တာတွေ နေ့တိုင်းဖြစ်ပေါ်နေတယ်လို့ ဖော်ပြထားပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတဲ့ စစ်တပ်ဟာ အခုရက်တွေမှာ ရခိုင်ဒေသထဲရှိ AA က အပြည့်အဝထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ မြို့၊ ရွာတွေက စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ ဆေးခန်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို တိုက်ခိုက်နေတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် လူစုလူဝေးနေရာတွေကို နေ့၊ ည အချိန်မရွေး လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကို ပိုမိုလုပ်ဆောင်လာတယ်လို့ AA က ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်တဲ့ရန်ကို အရင်ထက် ပိုမိုသတိထားဖို့နဲ့ စစ်ရေးသတိ အပြည့်ရှိဖို့ ထပ်မံတိုက်တွန်းထားပါတယ်။
မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်ကလဲ AA ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီး (၂)ဦး သေဆုံးပြီး (၁၉)ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

