အောက်တိုဘာလ (၁)ရက်။
အရပ်ဘက်၊ စစ်ဘက် ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေအပါအဝင် နေ့စားဝန်ထမ်းတွေကို အခုလကစပြီး အပိုထောက်ပံ့ကြေးတွေ တိုးမြှင့်ပေးခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကော်မရှင်ဟာ အရပ်ဘက်နဲ့ စစ်ဘက် ဝန်ထမ်းတွေအပါအဝင် အငြိမ်းစားဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးအနေနဲ့ (၃၀၀၀၀)ကျပ်စီ လစဉ်ခံစားခွင့်ပြုတာလို့ ဆိုပါတယ်။
အပိုထောက်ပံ့ကြေးဆိုပြီး (၃၀၀၀၀)ကျပ်ကို စစ်ကော်မရှင်က အာဏာသိမ်းပြီးနောက် ၂၀၂၃မှာတကြိမ်နဲ့ ၂၀၂၄မှာတကြိမ် တိုးမြှင့်ခဲ့ပြီး အခုအခါ (၃)ကြိမ်အထိရှိပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလို အပိုထောက်ပံ့ကြေးပေးတဲ့အထဲမှာတော့ ပြည်ပကို စေလွှတ်ခံရတဲ့ ဝန်ထမ်းတွေနဲ့ ပညာတော်သင်သွားနေရတဲ့ ဝန်ထမ်းတွေဟာ အဲ့ဒီကာလထဲ ခံစားခွင့်ရရှိမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
နောက်ပြီး အလုပ်ချိန် တနေ့ (၈)နာရီနဲ့ လုပ်ခ (၄၈၀၀)ကျပ် သတ်မှတ်ထားတဲ့ နေ့စားဝန်ထမ်းတွေအတွက်ကိုလဲ အပိုထောက်ပံ့ကြေးဆိုကာ (၁၀၀၀)ကျပ် တို့မြှင့်ပေးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ရဲ့ အပိုထောက်ပံ့ကြေးတိုးမြှင့်တဲ့ အမိန့်ကို ဒီကနေ့ကစပြီး အတည်ဖြစ်ကာ အခုလအတွက် ပေးပို့ရှိတဲ့ လစာ၊ လုပ်ခ၊ ပင်စင်လစာနဲ့အတူ အပိုထောက်ပံ့ကြေးကို ထုတ်ပေးနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ရေးသားထားပါတယ်။
ဒီလို စစ်ကော်မရှင်က အပိုထောက်ပံ့ကြေးဆိုပြီးပေးတာဟာ ဒီဇင်ဘာလကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို စိတ်ဝင်စားပြီး မဲပေးလာစေဖို့ရည်ရွယ်ကာ စည်းရုံးတာသာဖြစ်တယ်လို့ ပြောဆိုချက်တွေအရ သိရပါတယ်။
