အောက်တိုဘာလ (၁)ရက်။
စစ်ကောင်စီက ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ စစ်ကော်မရှင်ကို အကြမ်းဖက်အုပ်စုလို့ NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က မနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်လုံခြံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဟာ အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာခံထားရတဲ့ စစ်ကောင်စီကို ဆက်ခံတဲ့ အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး ပြည်သူအပေါ် အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတာကြောင့် စစ်ကော်မရှင်ကို အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာပြီး မင်းအောင်လှိုင် အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေလို့ NUG က သတ်မှတ်ထားတာပါ။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကို မတရားဖမ်းဆီးပြီး အာဏာလုယူကာ နိုင်ငံပုန်ကန်မှုကို ကျူးလွန်ခဲ့တာပါ။
ဒါ့ကြောင့် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကို အကြမ်းဖက်စစ်အုပ်စုအနေနဲ့ CRPH က ထုတ်ပြန်ခဲ့ပြီး နိုင်ငံနဲ့ ပြည်သူရဲ့ရန်သူ(Enemy of the State)အနေနဲ့ ထုတ်ပြန်ကြေညာခဲ့တာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ (၃၁)ရက်နေ့မှာ မင်းအောင်လှိုင်က စစ်ကောင်စီကို ပယ်ဖျက်ပြီး စစ်ကော်မရှင်ကို ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
