အောက်တိုဘာလ (၃)ရက်။
မြေပြင်မှာ အကျဉ်းသားထွက်ပြေးတာတွေ ရှိနေတဲ့အပေါ် တရားရုံးတွေ အထူးသတိထားဖို့ NUG တရားရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုးက မြို့နယ်တရားသူကြီးတွေနဲ့ တွေ့ဆုံတဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အခု မြေပြင်မှာ အကျဉ်းသားထွက်ပြေးတာတွေရှိနေရာ တရားရုံးအနေနဲ့ အထူးသတိချပ်ဖို့လိုပါတယ်။ အာမခံပေးနိုင်တဲ့အမှုတွေကို အာမခံပေးပြီး အာမခံလျှောက်ထားလာတာမရှိရင် ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့လိုတယ်” လို့ သူက ဆိုပါတယ်။
ဒီလို အကျဉ်းသားတွေ ထွက်ပြေးတာတွေနဲ့ပတ်သက်ပြီး ဘယ်လိုအကျဉ်းသားတွေ ပါဝင်တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။
အခုလိုမျိုး တရားခံတွေ ထွက်ပြေးတာရှိပြီး ထူးခြားကိစ္စရပ်တွေ ပေါ်ပေါက်လာပါက ဌာနကို အစီရင်ခံတင်ပြကာ လုပ်ထုံးလုပ်နည်းနဲ့အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
နောက်ပြီး အခုကာလ တော်လှန်ရေးနယ်မြေတွေမှာ လုံခြုံရေးခြိမ်းခြောက်တာတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေကြောင့် တရားရုံးတွေအနေနဲ့ အမှုတွဲနဲ့ စာရွင်စာတမ်းတွေအပါအဝင် လုံခြုံရေးဂရုပြုရမယ့် ကိစ္စရပ်တွေအားလုံး စနစ်တကျထားရှိဖို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် တရားရုံးတွေဟာ ပြည်သူတွေကြား ဖြစ်ပွားလာတဲ့ မှုခင်းကိစ္စတွေအပေါ် တရားမျှတမှုရှိစွာ ဖြေရှင်းအဖြေရှာပေးရတဲ့ လုပ်ငန်းဖြစ်တာကြောင့် ဥပဒေပါအခွင့်အရေးတွေ ရရှိစေဖို့ကိုပါ ရှင်းပြပေးဖို့ ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
