အောက်တိုဘာလ (၄)ရက်။
မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက တရုတ်နိုင်ငံအနေနဲ့ ကူညီပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “ တရုတ်နိုင်ငံကို တောင်းဆိုခြင်း” ဆိုပြီး “ ဒီနေ့ ကျွန်တော် မေမေလွတ်မြောက်စေဖို့ တရုတ်နိုင်ငံမှ အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်” လို့ ရေးသားထားပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်တာဟာ သင့်မြတ်ပေါင်းစည်းမှုနဲ့ တည်ငြိမ်ဖို့အတွက် အရေးကြီးဆုံး ပထမခြေလှမ်းဖြစ်တယ်လို့ သူက ပြောဆိုထားပါတယ်။
ဒါ့ကြောင့် တရုတ်အစိုးရအနေနဲ့ ဒီကိစ္စအတွက် ဖြစ်လာအောင် အကူအညီပေးနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့လဆန်းပိုင်းကလဲ အသက် (၈၀)အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးပိုင်းရောဂါ ပိုမိုဆိုးရွားလာတယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး သားဖြစ်သူက အသက်အန္တရာယ် အရေးပေါ်စိုးရိမ်ချက်ဆိုကာ ထုတ်ပြန်ခဲ့ပါသေးတယ်။
အခုအချိန်အထိ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်အပြင် ရှေ့နေတွေနဲ့ တွေ့ဆုံခွင့် စစ်ကောင်စီက ကန့်သတ်ထားသလို ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ တရားဝင် သတင်းထုတ်ပြန်ထားတာမရှိပါဘူး။
ဒါ့အပြင် ၂၀၂၀ခုနှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး Belt and Road စီမံကိန်းအတွက် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးတာတွေ ရှိခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့အချိန်ကစပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးခံခဲ့ရကာ အခုအခါ မတရားပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
