အောက်တိုဘာလ (၇)ရက်။
အောက်တိုဘာလ (၃)ရက်နေ့က ထားဝယ်ထောင်မှာ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ထားဝယ်ထောင်ထဲ မတရားအကျဉ်းချခံရပြီး သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟာ အသက် (၄၈)နှစ်အရွယ် ကိုအောင်ကိုဦးဖြစ်ကာ ၅၀၅(က)အပါအဝင် ပေါက်ကွဲ(၅)တို့နဲ့ ထောင်ဒဏ် (၈)နှစ် ချခံထားရသူလို့ ဆိုပါတယ်။
သူဟာ နဂိုမူလရောဂါအခံကြောင့် ထောင်ထဲ အကျဉ်းချခံရချိန်ကထဲက မကြာခဏ ဆေးကုသမှုခံယူနေရပြီး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရတဲ့အတွက် သေဆုံးခဲ့ရတာလို့ ဖော်ပြထားပါတယ်။
ကိုအောင်ကိုဦးဟာ အာဏာသိမ်းစစ်တပ်ကို ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီးနောက် ၂၀၂၁ခုနှစ် မေလ (၁၄)ရက်နေ့က ရှင်မုတ္ထီးရွာနေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ရေးသားထားပါတယ်။
အခုလို စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း အကျဉ်းထောင်ထဲ ကျဆုံးခဲ့တဲ့အတွက် PPNM အနေနဲ့ ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူဝမ်းနည်းကြေကွဲရတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။
ဒါ့အပြင် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး ကောင်းရာသုဂတိလားစေဖို့နဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်စေဖို့နဲ့ စစ်အာဏာရှင်စနစ်ကျဆုံးစေဖို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
