အောက်တိုဘာလ (၁၀)ရက်။
မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ချောင်းဦးမြို့မှာ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ပွဲတော်ရက်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူတွေ သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်တဲ့သတင်းကို ကြားသိရတာက အင်မတန် တုန်လှုပ်ဖွယ်ကောင်းတယ်လို့ ဆိုပါတယ်။
ဒီလို တိုက်ခိုက်တာမျိုးအတွက် လက်ခံနိုင်ဖွယ် အကြောင်းပြချက် လုံးဝမရှိဘူးလို့ ယူကေအစိုးရရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် မြန်မာစစ်တပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့တွေအားလုံးအနေနဲ့ အရပ်သားပြည်သူတွေ အထူးသဖြင့် ကလေးငယ်တွေကို အကာအကွယ်ပေးဖို့ တိုက်တွန်းထားပါတယ်။
နောက်ပြီး အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်အုပ်စုရဲ့ လုပ်ရပ်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလဲ ရှုတ်ချထားပြီး အဲ့ဒီဖြစ်ရပ်ဟာ စစ်အုပ်စုက နိုင်ငံတဝန်းက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာကို ထပ်မံအတည်ပြုလို့ရတယ်လို့ ပြောဆိုထားပါတယ်။
အခုလို အရပ်သားတွေကို ဝေဟင်ကနေ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လုပ်ရပ်ကို လုံးဝလက်မခံဘဲ စစ်ပွဲပဋိပက္ခထဲ ပါဝင်သူတွေအနေနဲ့ နိုင်ငံတကာ လူသားစာနာမှုဥပဒေနဲ့ လူ့အခွင့်အရေးဥပဒေတွေကို လိုက်နာဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး အရပ်သား (၆၇၀၀)ကျော် သေဆုံးခဲ့ရကာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံရသူ (၃၀၀၀၀)နီးပါးရှိတယ်လို့ ကုလလူ့အခွင့်အရေးအစီရင်ခံစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
