အောက်တိုဘာလ (၁၁)ရက်။
အခုလထဲ စစ်တပ်ရဲ့ တိုင်းဗဟိုအမှတ်(၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းက တပ်သား (၄)ဦး လက်နက်မဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လယ်မူးလားမြို့နယ်ထဲ စစ်တပ်ရဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းကနေ အောက်တိုဘာလ (၅)ရက်နေ့က တပ်သားသစ် (၃)ဦးနဲ့ (၈)ရက်နေ့က တပ်သားသစ် (၁)ဦးတို့ဟာ KNDO တပ်ရင်း(၇)ထံ အလင်းဝင်လာတာလို ဆိုပါတယ်။
အဲ့ဒီတပ်သား (၄)ဦးဟာ စစ်တပ်က အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းကာ စစ်မှုထမ်းသင်တန်း တက်ခိုင်းခဲ့တာကြောင့် လေ့ကျင့်ရေးသင်တန်းကနေ ထွက်ပြေးလာခဲ့တာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မတရားစစ်မှုထမ်းခိုင်းစေခံရတဲ့ အကြမ်းဖက်စစ်တပ်ထဲက တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံ ရရာနည်းနဲ့ လက်နက်ချအလင်းဝင်ဖို့ KNU က တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ စစ်တပ်ဘက်က အလင်းဝင်၊ လက်နက်ချတာနဲ့ စစ်သုံ့ပန်း (၁၁၇)ဦးရှိခဲ့ပြီး စစ်ကိုင်းတိုင်းက အများဆုံးဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။
အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ အလင်းဝင်၊ လက်နက်ချတာနဲ့ စစ်သုံ့ပန်း စုစုပေါင်း (၂၁၂၁)ဦးအထိရှိခဲ့တယ်လို့လဲ သိရပါတယ်။

