အောက်တိုဘာလ (၁၄)ရက်။
ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာနယ်မြေရှိ ထီးခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မယ်သမီခီး(ထီးခီး)ရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ထပ်ပြီးဗုံးကြဲခဲ့တာ၊ ပြည်သူတွေ ထိခိုက်တာနဲ့ အဆောက်အအုံတွေ ပျက်စီးတာရှိတယ်” လို့ ဆိုပါတယ်။
ထီးခီးရွာထဲ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူအဆောင်အအုံတလုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထီးခီးရွာ လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရတယ်လို့ KNU က ပြောဆိုထားပေမယ့် အသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာလဲ ထီးခီးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲတဲ့အပြင် စက်သေနတ်နဲ့ ပစ်ခတ်တာတွေကြောင့် ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါသေးတယ်။
စစ်တပ်ဟာ သူတို့အုပ်ချုပ်တဲ့ နယ်မြေတွေမှာ အတုအယောင် ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးပမ်းနေသလို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ဒေသထဲရှိ ပြည်သူတွေကို အကြောက်တရားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲနေတာလို့ သိရပါတယ်။
