အောက်တိုဘာလ (၁၅)ရက်။
မနေ့က နေပြည်တော်ကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijiun နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တွေ့ဆုံပွဲထဲ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို တရုတ်က အားပေးထောက်ခံတာအပါအဝင် တရုတ်အပါအဝင် နိုင်ငံတကာက ရွေးကောက်ပွဲစောင့်ကြည့်တဲ့အဖွဲ့တွေ ဖိတ်ခေါ်ထားတာကို ပြောဆိုခဲ့ပါတယ်။
နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖို့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တာတွေကို ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမယ့်အခြေအနေတွေကို နှစ်ဖက် ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး NCA (၁၀)နှစ်ပြည့်အခမ်းအနား ပြုလုပ်သွားမယ့်အခြေအနေတွေအပြင် NCA လက်မှတ်ရေးထိုးရာမှာ တရုတ်အပါအဝင် နိုင်ငံတကာက အသိသက်သေတွေ ပါဝင်ခဲ့တာနဲ့ ငြိမ်ချမ်းရေးအတွက် တရုတ်က ကူညီပေးတာတွေကို ထည့်သွင်းပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နှစ်ဖက်တွေ့ဆုံပွဲထဲ တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ်ကို စစ်ခေါင်းဆောင်က ရွေးကောက်ပွဲမှာ အသုံးပြုမယ့် အီလက်ထရောနစ်မဲပေးစက်ကို ပြသရှင်းလင်းခဲ့သေးတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက ပြုလုပ်မယ့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပယ်ချဖို့နဲ့ ပြည်သူတွေကို နေ့တိုင်း သတ်ဖြတ်နေတဲ့ စစ်အုပ်စုပြုလုပ်မယ့် NCA အခမ်းအနားကို မတက်ဖို့ နိုင်ငံတကာသံတမန်တွေကို တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။
