အောက်တိုဘာလ (၂၀)ရက်။
မနေ့က တရက်ထဲ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်က နမ့်ဆန်မြို့ နမ္မဝေါရပ်ကွက်၊ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်နဲ့ မိုင်းငေ့ါမြို့ လွယ်ပိန်းရွာကို နေ့လယ် (၁၂)နာရီခွဲအချိန်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးတွေနဲ့ ကြဲချခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် နမ့်ဆန်မြို့မှာ အမျိုးသား (၂)ဦး ထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် (၂)လုံး၊ လက်ဖက်စက်ရုံ (၁)ရုံ၊ မီးသတ်ကား (၅)စီးနဲ့ ကား (၄)စီး ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး မန်တုံမြို့ လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ နေအိမ် (၆)လုံး ထိမှန်ပျက်စီးခဲ့သလို မိုင်းငေါ့မြို့မှာ ဘုန်းကြီးကျောင်းနဲ့ ဇရပ်တို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် နေ့လယ် (၂)နာရီကျော်အချိန်မှာ မိုးကုတ်မြို့အနောက်ပိုင်း ကျောက်ဖျားရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၁)လုံး ကြဲချခဲ့သေးတယ်လို့ ပြောဆိုထားပါတယ်။
အခုလ (၁)ရက်နေ့ကနေ (၁၈)ရက်နေ့အထိ တအာင်းဒေသထဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အကြိမ် စုစုပေါင်း (၂၈)ကြိမ်အထိရှိခဲ့ပြီး ပြည်သူ (၃၀)ကျော် ထိမှန်သေဆုံးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားပါတယ်။
တအာင်းဒေသထဲ စစ်တပ်က နေတိုင်း လေကြောင်းဗုံးကြဲတိုက်ခိုက်နေတဲ့အပေါ် TNLA ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် တားဘုန်းကျော်က အလှည့်ဆိုတာရှိစမြဲလို့ မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပြောဆိုထားတယ်လို့ သိရပါတယ်။
