အောက်တိုဘာလ (၂၀)ရက်။
အခုလဆန်းပိုင်းကစပြီး ဒီပဲယင်းနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် ပွဲလမ်းသဘင်တွေမှာ ဖျော်ဖြေရေးတွေ မထည့်ကြဖို့ မြို့နယ်ပအဖက ထုတ်ပြန်ကြေညာထားတယ်လို့ သိရပါတယ်။
အခုကာလထဲ စစ်တပ်ဟာ ပြည်သူတွေ စုဝေးတဲ့နေရာတွေကို ပစ်မှတ်ထားပြီး စက်တပ်လေထီးတွေ၊ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေကို အဆက်မပြတ် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ဘာသာရေး၊ အလှူပွဲ၊ မင်္ဂလာဆောင်တွေ ကျင်းပတဲ့အခါ ဆိုင်းဝိုင်း၊ အငြိမ့်၊ ဇာတ်ပွဲ စတာတို့နဲ့ ထည့်သွင်းဖျော်ဖြေဧည့်ခံတာ မလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။
ဒီလိုထုတ်ပြန်တာကို ဒီပဲယင်းမြို့နယ်ရှိ ပအဖ၊ ပကဖ၊ ပလဖတို့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေအားလုံးက မျက်နှာစုံညီအစည်းအဝေး ပြုလုပ်ပြီး အောက်တိုဘာလ (၄)ရက်ကစပြီး ထုတ်ပြန်ကြေညာခဲ့တာလို့ ဖော်ပြထားပါတယ်။
နောက်ပြီး အခုလိုကြေညာထားတာကို မလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်ရင် ကျူးလွန်သူရဲ့ တာဝန်သာဖြစ်ပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ မြို့နယ်ပအဖက အသိပေးထားပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့လဲ လေကြောင်းအန္တရာယ် အထူးဂရုစိုက်ကြပြီး အသိ၊ သတိ အမြဲရှိကြဖို့ တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။
