အောက်တိုဘာလ (၂၁)ရက်။
မနေ့က ည (၈)နာရီကျော်အချိန် မိုင်းငေါ့မြို့ရှိ မြို့မဈေးကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ လေကြောင်းဗုံးကြဲတာက မြို့မဈေးတန်းကိုကျတာ။ ဈေးထဲမှာလဲ မီးလောင်သွားတာရှိတယ်။ အဲ့ဒီဈေးတန်းရပ်မှာနေတဲ့ သားအမိ(၂)ဦး သေဆုံးသွားတယ်၊ ထိခိုက်ဒဏ်ရာရတာကတော့ အမျိုးသား (၂)ဦးပါ” လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ဈေးတန်းရပ်နေ အသက် (၂၉)နှစ်အရွယ် သူရရိန်နဲ့ (၅၄)နှစ်အရွယ် ဒေါ်လင်လင်တို့ သားအမိ(၂)ဦး သေဆုံးခဲ့ပြီး (၁၉)နှစ်အရွယ်နဲ့ (၅၃)နှစ်အရွယ် အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး TNLA ဘက်ကလဲ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချခဲ့ကာ လူထိခိုက်သေဆုံးတာရှိပြီး နေအိမ် (၁၀)လုံနဲ့ ဆိုင်ခန်း (၅)ခန်း ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလထဲ စစ်တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို လေကြောင်းကနေ ဗုံးကြဲတဲ့အကြိမ်ရေ စုစုပေါင်း (၂၈)ကြိမ်အထိရှိခဲ့ပြီး အရပ်သားပြည်သူ (၄၀)ကျော်အထိ သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဖို့ TNLA က တိုက်တွန်းထားတယ်လို့ သိရပါတယ်။


