အောက်တိုဘာလ (၂၁)ရက်။
အောက်တိုဘာလ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က မင်းလှမြို့ လက်ပံတံခါးရွာရှိ သရက်အုပ်လမ်းခွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
“ ဒုခွဲမှူးဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် (၅)ဦးက ကင်းပတ်တာ၊ ဒီလိုဖြစ်မယ်လို့လဲ မထင်ထားဘူး။ ကင်းပတ်ရင်းနဲ့ စခကားတွေ ဝင်လာတယ်ဆိုတာ သတင်းရလို့ စောင့်နေတာ။ အဲ့ဒီမှာ တိုက်ပွဲဖြစ်တာ” လို့ မင်းဘူးခရိုင် အမှတ်(၂)တပ်ရင်း၊ အမှတ်(၁)စစ်ဒေသရဲ့ ရုံးတာဝန်ခံ ဆရာကျောင်းက ဒေသထဲသတင်းတွေကို ပြောဆိုထားပါတယ်။
မင်းဘူးခရိုင် အမှတ်(၂)တပ်ရင်းရဲ့ ဒုတပ်ခွဲမှူး ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် (၅)ဦးဟာ သရက်အုပ်လမ်းခွဲအနီး ကင်းပတ်နေချိန် စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် စစ်တပ်ဘက်က အင်အားထပ်တိုးလာခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဘက်က (၅)ဦးသာရှိပြီး အင်အားမမျှတဲ့အခြေအနေနဲ့ ရင်ဆိုင်ရတာကြောင့် ဒုတပ်ခွဲမှူးက လက်ပစ်မိုင်းကို စနက်တံဖြုတ်ကာ အသေခံဗုံးခွဲခဲ့တာပါ။
“ သူ့ရဲ့သေနတ်ကို တပ်စိတ်မှူးကိုပေးပြီး သူ့ကို ထားခဲ့ပြီး ပြန်ဆုတ်ဖို့ ပြောခဲ့တာ။ တပ်စိတ်မှူးကလဲ ဒုခွဲမှူးအမိန့်ကြောင့် သေနတ်ယူပြီးပြေးတာ။ အဲ့ဒီမှာ မီတာ(၁၀၀)လောက်အရောက် ချုံထဲဝပ်ပြီး ပြန်ကြည့်တဲ့အချိန်မှာ လက်ပစ်မိုင်းကို စနက်တံဖြုတ်ပြီး စခတွေက ဖမ်းဖို့ကပ်လာချိန် ဗိုက်အောက်သွင်းပြီး မှောက်ချလိုက်တာ။ အလောင်းကိုတော့ ပြန်မသယ်နိုင်ခဲ့ဘူး” လို့ သူက ဆက်ပြောပါတယ်။
ဒီလို တိုက်ပွဲထဲ အင်အားမမျှတာကြောင့် အသေခံဗုံးခွဲပြီး ကျဆုံးခဲ့တဲ့ ဒုတပ်ခွဲမှူးဟာ အသက်(၂၂)နှစ်အရွယ်ရှိ စည်သူဝင်း(ခ)ဝဿန်ဖြစ်ပြီး တပ်ရင်းဘက်ကလဲ ဒုတပ်ခွဲမှူး တိုက်ပွဲထဲ ကျဆုံးခဲ့တာကို သတင်းထုတ်ပြန်ထားပါတယ်။
နောက်ပြီး ဒုတပ်ခွဲမှူး စည်သူဝင်း ကျဆုံးခဲ့ရတာကြောင့် မိဘဆွေမျိုးတွေ၊ ကျန်ရှိတဲ့ ရဲဘော်ရဲဘက်တွေနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မင်းဘူးခရိုင် အမှတ်(၂)တပ်ရင်းအနေနဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးစဉ်ကို ဆက်လျှောက်ပြီး အရေးတော်ပုံ အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြု ပြောဆိုထားတယ်လို့ သိရပါတယ်။

