အောက်တိုဘာလ (၂၃)ရက်။
မနေ့က နေ့လယ် (၁)နာရီ (၄၀)မိနစ်အချိန်က မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီခရီးသည်တင်ကားဟာ ရသေ့တောင်မြို့ စေတီပြင်ရွာကနေ ဆန်၊ ဆီ၊ ဆားနဲ့ ငရုတ်သီးတွေကို ဝယ်ယူပြီး ခရီးသည် (၅)ဦးနဲ့ မောင်တောမြို့ ကျောက်ပန္ဒူရွာဘက်ကို ပြန်လာခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလိုပြန်လာတဲ့အချိန် မောင်တောမြို့ မြိုယုရွာအရှေ့ဘက် တံတားအနီးမှာ ARSA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာခံရပြီး ကားပေါ်ပါလာတဲ့ ခရီးသည် (၅)ဦးနဲ့ ယာဉ်မောင်းကို ဖမ်းဆီးခဲ့သလို စားသုံးကုန်တွေကိုပါ ယူဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် AA အနေနဲ့ အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက်ပြီး လိုက်လံရှာဖွေခဲ့ရာ ခရီးသည်(၅)ဦးထဲက (၂)ဦးကို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့ရပြီး (၃)နှစ်အရွယ် ကလေးငယ်ကို မိခင်ဖြစ်သူရဲ့ အလောင်းဘေးမှာ အသက်ရှင်လျက် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ARSA အဖွဲ့ရဲ့ အကြမ်ဖက်ခံရတဲ့ဘေးကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ယာဉ်မောင်းနဲ့ ခရီးသည်အမျိုးသားတို့ကိုလဲ ဒဏ်ရာတွေနဲ့ ထပ်မံတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို အရပ်သားခရီးသည်တွေကို အကြမ်းဖက်သတ်ဖြတ်သွားတဲ့ ARSA အဖွဲ့ဝင်တွေကို လိုက်လံရှာဖွေနေကာ အသေးစိတ်အခြေအနေကို ထပ်မံတင်ပြသွားမယ်လို့ AA က ထည့်သွင်းပြောဆိုထားပါတယ်။
ARSA အကြမ်းဖက်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ စခန်းတွေတည်ဆောက်ပြီး ရခိုင်ဒေသထဲ စိမ့်ဝင်ကာ AA ရဲ့ စခန်းတွေကို တိုက်ခိုက်တာ၊ အရပ်သားတွေကို ပြန်ပေးဆွဲတာနဲ့ သတ်ဖြတ်တာတွေ ပိုမိုပြုလုပ်လာတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် နှစ်ဖက်တင်းမာမှုတွေ အခုထက်မြင့်မားမလာစေဖို့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအနေနဲ့ ARSA အဖွဲ့ရဲ့ ရခိုင်ဒေသထဲ ဝင်ရောက်စစ်ရေးလှုပ်ရှားတာတွေကို ဟန့်တားပေးဖို့ AA က ထပ်မံတောင်းဆိုထားတယ်လို့ သိရပါတယ်။
