နိုဝင်ဘာလ (၁၀)ရက်။
အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲမတိုင်ခင် သာလွန်အင်အားများစွာ အသုံးပြုပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲပြုလုပ်ဖို့ လျာထာတဲ့ မြို့နယ်တွေစာရင်းထဲ MDY-PDF လှုပ်ရှားနယ်မြေဖြစ်တဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အခုအခါ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တို့မှာ တနေ့ထက်တနေ့ စစ်ရေးတိုက်ပွဲတွေ ပြင်းထန်နေကာ ဒေသထဲနေ ပြည်သူတွေအနေနဲ့ တိုက်ပွဲအခြေအနေတွေ ကြုံတွေ့နိုင်ရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ကြဖို့နဲ့ ဘေးအန္တရာယ်ကင်းနိုင်ဖို့အတွက် လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်ထားကြဖို့ MDY-PDF က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် MDY-PDF အနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ထိုးစစ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ခုခံကာကွယ်သွားမှာဖြစ်ပြီး တော်လှန်ရေး အဆုံးသတ်ပန်းတိုင် ရောက်တဲ့အထိ ဆက်လက်ချီတက်သွားမယ်လို့လဲ အသိပေးထားချက်အရ သိရပါတယ်။








