ညောင်ဦးမြို့နယ်ထဲ PDF အမည်ခံပြီး ပြန်ပေးဆွဲတာ၊ ဖမ်းဆီးငွေညှစ်တာနဲ့ လက်နက်အားကိုးနဲ့ ဆက်ကြေးငွေတောင်းတာတွေ ဖြစ်ပေါ်နေတယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ညောင်ဦးမှာ PDF အမည်ခံပြီး ပြန်ပေးဆွဲတာတွေ၊ ပြည်သူတွေကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ဖမ်းဆီး၊ ငွေညှစ်၊ ငွေတောင်းတာတွေနဲ့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ ဆက်ကြေးပုံစံ ငွေတောင်းတာတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။ ဒီလို တော်လှန်ရေးရဲ့ ပုံရိပ်ကို ကျဆင်းစေတဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ လုံးဝလက်မခံဘူး” လို့ ဆိုပါတယ်။
ညောင်ဦးမြို့နယ်ပကဖအနေနဲ့ အခုလို တောင်လှန်ရေးပုံရိပ် ကျဆင်းစေတဲ့ လုပ်ရပ်တွေကို လုံးဝ(လုံးဝ) လက်မခံဘဲ ပြည်သူကို လက်နက်ကိုင် ဗိုလ်ကျနေတဲ့ ဘယ်အဖွဲ့တွေကိုမဆို ထိရောက်စွာ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ပြည်သူတွေအနေနဲ့လဲ မတရားအနိုင်ကျင့် ဗိုလ်ကျခံရတာတွေ ဖြစ်ပေါ်လာရင် ဘေးကင်းလုံခြုံပြီး လွတ်လပ်စွာ သတင်းပေးပို့ တိုင်ကြားနိုင်တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးကို အသုံးချပြီး ပြည်သူအပေါ် အနိုင်ကျင့် ရမ်းကားနေတဲ့ PDF အမည်ခံ အဖွဲ့တွေ အမြန်ဆုံးပပျောက်ဖို့ သက်ဆိုင်ရာပကဖတွေ ပူးပေါင်းကာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








