CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၆
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး (Volodymyr Zelensky) နှင့် ကမ္ဘာ့ခေါင်းဆောင်များ ပါဝင်သော “စေတနာ့ဝန်ထမ်းညွန့်ပေါင်းအဖွဲ့” (Coalition of the Willing) အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့ပြီးနောက် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) သည် ပထမဆုံးအကြိမ် ပါဝင်ခဲ့သည်။
မက်ခရွန်က အပစ်အခတ်ရပ်စဲရေး ထူထောင်ပြီးနောက် ယူကရိန်းသို့ ချထားပေးမည့် လုံခြုံရေး အာမခံ တပ်ဖွဲ့အတွက် မဟာမိတ်များက မည်သည်များကို ပံ့ပိုးပေးမည်ကို ဗုဒ္ဓဟူးနေ့မှ စတင်၍ လုပ်ငန်းအဖွဲ့တစ်ဖွဲ့က ရေးဆွဲတော့မည်ဟု ပြောကြားခဲ့သည်။
ရူဘီယို၏ ပါဝင်တက်ရောက်မှုသည် အမေရိကန် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် စေတနာ့ဝန်ထမ်းညွန့်ပေါင်းအဖွဲ့ အစည်းအဝေးတွင် ပထမဆုံးအကြိမ် ပါဝင်ခြင်းဖြစ်ပြီး၊ ၎င်းသည် အရေးကြီးကြောင်း Elysee နန်းတော် သတင်းရင်းမြစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး၊ အဆိုပါအဖွဲ့သည် မကြာမီ “ငြိမ်းချမ်းရေး ညွန့်ပေါင်းအဖွဲ့” (peace coalition) အဖြစ် အမည်ပြောင်းလဲမည်ဟုလည်း ထပ်လောင်းပြောခဲ့သည်။
အာမခံတပ်ဖွဲ့အတွက် ယူကရိန်း မဟာမိတ်များထံမှ တိကျသော ပံ့ပိုးမှုများကို အတိအကျ သတ်မှတ်ထားခြင်း မရှိသေးသော်လည်း၊ အမေရိကန်၏ ပါဝင်မှုသည် ရှေ့တန်း တိုက်ခိုက်ရေး ဇုန်များနှင့် ဝေးသောနေရာများတွင် ချထားမည့် အခြားမဟာမိတ်တပ်ဖွဲ့များအတွက် “ နောက်ခံ ထောက်ကူမှု (backstop)” အဖြစ် ဆောင်ရွက်ဖွယ်ရှိကြောင်း သတင်းရင်းမြစ်က ပြောကြားသည်။ ထိုသို့ ချထားရေး ပုံစံမည်သို့ရှိမည်ကို ပြင်သစ်နှင့် ယူကေတို့က ရှေ့တန်းမှ စိတ်ကူးပုံဖော်နေခဲ့ကြသည်။
မက်ခရွန်က ယူကရိန်းအတွက် ဥရောပ ဦးဆောင်သော လုံခြုံရေး အာမခံချက်များတွင် ဗြိတိန်နှင့် ပြင်သစ် စစ်သားများအပြင် တူရကီ တပ်ဖွဲ့များနှင့် ရေတပ် အင်အားများလည်း ပါဝင်လာမည်ဟု ယခင်က ကြေညာခဲ့သည်။
“ ရုရှားတွေ ထပ်မံကျူးကျော်လာမှာ မဟုတ်ဘူးဆိုတာကို ယူကရိန်းတွေက မယုံကြည်နိုင်ရင် အပစ်အခတ်ရပ်စဲရေးရော ငြိမ်းချမ်းရေးပါ ဖြစ်လာမှာ မဟုတ်ဘူး” ဟု သတင်းရင်းမြစ်က ပြောကြားသည်။
Elysee နန်းတော် သတင်းရင်းမြစ်၏ ပြောကြားချက်အရ၊ အဆိုပြုထားသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ အချို့သော နယ်ပယ်များတွင် ယူကရိန်းကိုယ်တိုင် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၏ အရေးကြီးပုံကို ရူဘီယိုက အစည်းအဝေးတွင် နားလည်ခဲ့ကြောင်း၊ ထို့အပြင် အမေရိကန်တို့သည် ပြင်ဆင်ထားသော ငြိမ်းချမ်းရေး အစီအစဉ်ကို ရုရှားတို့ထံသို့ ယခုအခါ ပြန်လည်ယူဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အင်္ဂါနေ့ အစည်းအဝေးတွင် ဥရောပရှိ ရုရှားပိုင် အေးခဲထားသော ပိုင်ဆိုင်မှုများကို အသုံးပြုခြင်းနှင့် ပတ်သက်၍လည်း “ ကောင်းမွန်သော တိုးတက်မှု” ရရှိခဲ့သည်ဟု Elysee နန်းတော် သတင်းရင်းမြစ်က ပြောကြားသည်။
၎င်းတို့၏ အသုံးပြုမှုနှင့်ပတ်သက်၍ (ဥရောပကို နှစ်ခြမ်းကွဲစေခဲ့သော) နောက်ဆုံး ဆုံးဖြတ်ချက်ကို ဒီဇင်ဘာလတွင် ကျင်းပမည့် ဥရောပကောင်စီ ထိပ်သီးအစည်းအဝေးတွင် ချမှတ်မည်ဖြစ်သော်လည်း၊ ထိုရန်ပုံငွေများကို အသုံးပြုခြင်းသည် ယူကရိန်းက ရေရှည် ရပ်တည်နိုင်ကြောင်းကို ကိယက်ဗ်နှင့် မော်စကိုတို့အား ပြသနိုင်မည်ဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောကြားသည်။








