ဒီဇင်ဘာလ (၁)ရက်။
အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံထဲရှိ နိုင်ငံရေးပဋိပက္ခပြဿနာတွေကို လုံးဝဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကရင်လူမှုအဖွဲ့အစည်း (၂၅)ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဒီလို ပြည်သူလူထုအများစုရဲ့ ဆန္ဒမပါဘဲ အတင်းအကျပ်လုပ်ယူတဲ့ အဲ့ဒီအတုအယောင်ရွေးကောက်ပွဲကို ကရင်လူမှုအဖွဲ့တွေက အပြင်းအထန်ရှုံ့ချထားပါတယ်။
နောက်ပြီး သဘောထားထုတ်ပြန်ချက်ထဲ တနိုင်ငံလုံးရှိ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အမှူးမထားဘဲ အကြမ်းဖက်နေတဲ့ လူသတ်တရားခံအဖွဲ့ကို တရားဝင်မှုပေးမယ့် ရွေးကောက်ပွဲကို ထောက်ခံပံ့ပိုးနေကြတာကို အထူးစိတ်ပျက်မိတယ်လို့ ဖော်ပြထားပါတယ်။
ဒီလို အကြမ်းဖက်စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တဲ့အပြင် မဲတပြားနဲ့ တရားဝင်မှုပေးရင် ပဋိပက္ခပြဿနာတွေ ပိုမိုကြာမြင့်သွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူလုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်မှုတွေကိုပါ ပျက်ပြားသွားစေနိုင်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာအနေနဲ့လဲ မတရား အတင်းအကျပ်လုပ်ယူတဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြဖို့နဲ့ အပြင်းအထန် ကန့်ကွက်ဆန့်ကျင်တဲ့ သဘောထားတွေ ခိုင်ခိုင်မာမာပြသဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။








