ဖမ်းဆီးခံရသူဟာ လက်ထိပ်ချွတ်ပြီး ခုခံထွက်ပြေးတာကြောင့် အသေပစ်သတ်ခဲ့ရ
ဒီဇင်ဘာလ (၁)ရက်။
ကျွန်းစုမြို့ရှိ ကျေးရွာတွေမှာ PDF နဲ့ ပကဖအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတွေထဲက ကျော်ဝင်း(ခ)ထောင်မှူးဆိုသူကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကျော်ဝင်း(ခ)ထောင်မှူးဆိုသူအပါအဝင် (၅)ဦးစုဖွဲ့ပြီး လွန်ခဲ့တဲ့ (၂)နှစ်ကထဲက မြို့နယ်ထဲရှိ ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူတွေကို PDF နဲ့ ပကဖအမည်ခံကာ တယ်လီဖုန်းနဲ့ ခြိမ်းခြောက်ငွေတောင်းခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို ခြိမ်းခြောက်ငွေတောင်းသူတွေကို သတင်းရရှိတာကြောင့် လိုက်လံဖမ်းဆီးခဲ့ကာ ကျော်ဝင်း(ခ)ထောင်မှူးကို ဖမ်းမိခဲ့ပြီး စစ်ဆေးနေချိန် နိုဝင်ဘာလ (၃၀)ရက်နေ့ ည(၁)နာရီ (၂၀)မိနစ်ခန့်မှာ လက်ထိပ်ချွတ်ပြီး ထွက်ပြေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ကျွန်းစုမြို့နယ်ပကဖရဲဘော်တွေက လိုက်လံဖမ်းဆီးခဲ့ရာ ပြန်လည်ခုခံတာကြောင့် ဒီကနေ့ နေ့လယ် (၁၂)နာရီခွဲခန့်မှာ ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးသွားခဲ့တယ်လို့ ရေးသားထားပါတယ်။
ကျော်ဝင်း(ခ)ထောင်မှူးဆိုသူဟာ ပန်းဇင်ရွာသားဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက ပျူစောထီးခေါင်းဆောင် တင်စိုးနဲ့ ညီတဝမ်းကွဲ တော်စပ်သူဖြစ်တယ်လို့ မြို့နယ်ပကဖက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကျွန်းစုမြို့နယ်ပကဖအနေနဲ့ သူနဲ့အတူ ဖမ်းဆီးဖို့ကျန်ရှိတဲ့ ကြံရာပါ (၄)ဦးရဲ့ နာမည်နဲ့ နေရပ်လိပ်စာတွေကို စစ်ဆေးချက်တွေအရ သိရှိထားပြီးဖြစ်တယ်လို့လဲ အသိပေးထားချက်အရ သိရပါတယ်။








