ဒီဇင်ဘာလ (၃)ရက်။
ပြီးခဲ့တဲ့လကုန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၄၂၀၀)ရှိပြီး သေဆုံးသူ (၄၄၇၀)ဦးရှိတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူတွေထဲမှာ အသက် (၁၈)နှစ်အောက် ကလေးသူငယ် (၈၇၆)ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်တွေထဲ စာသင်ကျောင်း (၄၁၀)ကျောင်း၊ ဆေးရုံ၊ဆေးခန်း (၁၃၉)ခုနဲ့ ဘာသာရေးအဆောက်အအုံ (၆၂၁)ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုအခါ အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင်ရွေးကောက်ပွဲအတွက် အားစိုက်ပြင်ဆင်နေပြီး တဖက်မှာလဲ အကြမ်းဖက်မှုတွေကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ဖြစ်စဉ်ပေါင်း (၂၂၆၇၅)ခု ရှိခဲ့ပြီး အများဆုံးက တရားလက်လွတ်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ကာ (၅၂၃၀)မှုရှိကာ စစ်ကိုင်းတိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း (၄၇၅)မှု ကျူးလွန်ခဲ့သလို သေဆုံးသူစုစုပေါင်း (၄၉၆၅)ဦးရှိပြီး သေဆုံးသူတွေထဲ (၁၈)နှစ်အောက်ကလေးငယ် (၅၆၁)ဦးနဲ့ အမျိုးသမီး (၈၈၂)ဦး ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်အာဏာသိမ်းဖို့ ကြိုးစားချိန်ကစပြီး အခုအချိန်အထိ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ဖြစ်စဉ်တွေဟာ ကိန်းဂဏန်းတွေ ဆက်တိုက်တိုးလာတဲ့အပြင် မရပ်တန့်ဘဲ ဆက်ရှိနေတယ်လို့ သိရပါတယ်။








