ဒီဇင်ဘာလ (၅)ရက်။
ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က လသာမြို့နယ် (၁၉)လမ်းရှိ ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ ဓါးပြတိုက်ခံရတာက (၁၉)လမ်း မဟာဗန္ဓုလလမ်းပေါ်က ရွှေဇင်ရွှေဆိုင်ပါ။ ဆိုင်ဖွင့်ဖို့ ကားပေါ်ကနေ ပစ္စည်းတွေချနေတဲ့အချိန် ဆိုင်ကယ်နဲ့လာပြီး ဓါးပြတိုက်သွားတာ။ သေနတ်လဲပါတယ်လို့ကြားတယ်” လို့ အနီးဝန်းကျင်နေသူတဦးက ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ ရွှေဇင်ရွှေဆိုင်ရှေ့ လမ်းမပေါ်မှာ ကားပေါ်ကနေ ပစ္စည်းတွေချနေချိန် အမည်မသိအမျိုးသား (၂)ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး ဓါးပြတိုက်သွားခဲ့တာလို့ သိရပါတယ်။
ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်လော်ဘီချန်နယ်တွေကလဲ ရေးသားထားကြကာ သေနတ်ပြပြီး ရွှေထုပ် (၁)ထုပ်နဲ့ ကျပ်သိန်း (၁၀၀၀)ပါ ငွေထုပ်တို့ကို ယူသွားခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ရွှေဇင်ရွှေဆိုင်ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တပ်ဘက်ကတော့ တရားဝင် သတင်းထုတ်ပြန်ထားတာမရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတွေက ရွေဆိုင်နဲ့ ဘဏ်အချို့ ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ်တွေ အများအပြားရှိနေကာ ပြည်သူတွေ စိုးရိမ်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ သိရပါတယ်။








