ဒီဇင်ဘာလ (၈)ရက်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)ကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့ CRPH ရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
NUG အစိုးရအဖွဲ့ကို ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူရဲ့ ဒီမိုကရေစီနည်းကျ အပ်နှင်းထားတဲ့ အာဏာကို ကျင့်သုံးပြီး ပြင်ဆင်ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
NUG အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းတာမှာ အရင်က ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးအနေနဲ့ တာဝန်ယူထားတဲ့ ဒေါက်တာဇော်ဝေစိုးကို ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ ဝန်ကြီးအနေနဲ့ ပြောင်းလဲခန့်အပ်ထားပါတယ်။
နောက်ပြီး ပညာရေးဒုဝန်ကြီးအနေနဲ့ တာဝန်ပေးထားတဲ့ ဂျာထွယ်ပန်ကို ဝန်ကြီးအဆင့်၊ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာ ရွှေပုံကို ဝန်ကြီးအဆင့်နဲ့ ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကို နိုင်ငံခြားရေးဒုဝန်ကြီးအနေနဲ့ ပြောင်းရွှေ့တာဝန်ပေးထားပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဒုဝန်ကြီး ဒေးဗစ်ဂွမ်အောင်ကို နိုင်ငံခြားရေးဒုဝန်ကြီးနဲ့ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီကို ပြည်ထဲရေးဒုဝန်ကြီးအနေနဲ့ ပြောင်းရွှေ့ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
NUG အစိုးရအဖွဲ့ဟာ အရင်က ဝန်ကြီးဌာန (၁၇)ခုရှိပြီး အခုပြင်ဆင်ဖွဲ့စည်းတာမှာ ဝန်ကြီးဌာနအချို့ကို ဖျက်သိမ်းတာနဲ့ ပေါင်းစည်းတာတွေကြောင့် ဝန်ကြီးဌာန (၄)ခု လျော့နည်းသွားကာ (၁၃)ခု ကျန်ရှိတာဖြစ်ပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာ NUG ရဲ့ အစိုးရအဖွဲ့ကို ပြုပြင်ပြောင်းလဲမယ်လို့ ပြောဆိုခဲ့ပြီးနောက် အခုလို ပြင်ဆင်ဖွဲ့စည်းတာတွေ ပြုလုပ်ခဲ့ပေမယ့် ထိရောက်တဲ့ ပြောင်းလဲတာမျိုး မဟုတ်ဘူးဆိုပြီး ဝေဖန်တာတွေလဲ ရှိနေတယ်လို့ သိရပါတယ်။











