ဒီဇင်ဘာလ (၈)ရက်။
ဒီဇင်ဘာလ (၆)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က မြောက်ဥက္ကလာပမြို့နယ်ခန်းမကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မြောက်ဥက္ကလာပမြို့နယ်ခန်းမကို လက်လုပ်မိုင်း၊ နာနတ်သီးတွေနဲ့ တိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ လုံခြုံရေးယူထားတဲ့ ရဲခွေးတွေ ထိခိုက်တာရှိတယ်။ အဲ့ဒီမှာ ရဲခွေးနှစ်ကောင် ပြင်းထန်ဒဏ်ရာရရှိတာကို သိရပါတယ်” လို့ ဆိုပါတယ်။
မြောက်ဥက္ကလာပမြို့နယ်ခန်းမကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာမှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြို့ပြကြွက်ကွန်ယက်အနေနဲ့ နိုင်ငံရဲ့ ပဋိပက္ခပြဿနာအားလုံးရဲ့ အရင်းအမြစ်ဟာ စစ်အာဏာရှင်တွေရဲ့ ကိုယ်ကျိုးစီးပွားရှာဖွေတာကြောင့် ဖြစ်လာတဲ့ ပြဿနာဖြစ်တယ်ဆိုတာ လက်တွေ့ကျကျ ရှုမြင်ယုံကြည်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် နိုင်ငံရဲ့ပြဿနာအားလုံး ပြေလည်စေဖို့ စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားရှာဖွေမှုအောက်မှာ အသုံးချခံဘဝတွေအနေနဲ့ ဆက်မရှင်သန်ကြဘဲ ပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကာ နိုင်ငံနဲ့ ပြည်သူ့အကျိုးစီးပွားကို ရှေးရှုဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ခေါင်းမာစွာ ပေးစာကမ်းစာလောက်နဲ့ ပြည်သူအပေါ် ဖိနှိပ်ရန်ရှာတဲ့လမ်းကို ရွေးချယ်ကြတဲ့ စစ်အုပ်သုရဲ့ လက်ပါးစေ၊ ထောက်တိုင်မှန်သမျှကို နေရာ၊ အချိန်မရွေး တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။








