ဒီဇင်ဘာလ (၈)ရက်။
စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲရေး ရေးထိုးတာဟာ တော်လှန်ရေးပန်းတိုင်နဲ့ မျှော်မှန်းချက်ကို ထိခိုက်မှာမဟုတ်ဘူးလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာကြောင့် စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲဖို့ ရေးထိုးထားပေမယ့် ခရီးလမ်းဆုံးတံ့အထိ ဆက်လျှောက်လှမ်းနေမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒီလို စစ်ကောင်စီတပ်နဲ့ အပစ်ရပ်တာဟာ ထိန်းချုပ်နယ်မြေထဲ အရပ်သားပြည်သူတွေ လေကြောင်းဗုံးကြဲတာကြောင့် ပျက်စီးဆုံးရှုံးတာတွေနဲ့ အသက်ဘေးကင်းလုံခြုံမှု ပေးနိုင်ဖို့လို့ ဖော်ပြထားပါတယ်။
အခုအခါမှာတော့ TNLA ဟာ စစ်ကောင်စီတပ်နဲ့ အပစ်ရပ်ခဲ့ပြီး မိုးကုတ်နဲ့ မိုးကုတ်ဒေသတို့ကနေ တပ်တွေ ပြန်ဆုတ်ပေးခဲ့ရသလို စစ်ကောင်စီတပ်က မြို့တွေထဲ အင်အားအများအပြားနဲ့ နေရာပြန်ယူနေတာပါ။
တဖက်မှာလဲ TNLA ဆုတ်ခွာပေးရတဲ့ မြို့တွေမှာ စစ်ကောင်စီတပ်တွေ မဝင်လာနိုင်အောင် PDF တွေနဲ့ ပကဖတွေက မိုးကုတ်-မိုးမိတ်ဒေသစစ်ဆင်ရေးအနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
အဲ့ဒီစစ်ဆင်ရေးဟာ နိုဝင်ဘာလ (၃၀)ရက်နေ့ကစတင်ခဲ့ပြီး တပတ်တာကာလထဲ မိုးကုတ်မြို့က အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်တပ်ဘက်ကလဲ မိုးကုတ်နဲ့ မိုးမိတ်ဒေသတို့က တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၆)ရက်နေ့က မိုးမိတ်မြို့ မြစ်ဆုံရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့ လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေး (၂)ဦးအပါအဝင် ပြည်သူ (၁၁)ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








