ဒီဇင်ဘာလ (၁၀)ရက်။
ဒေါက်တာတေဇာဆန်းအပါအဝင် (၁၀)ဦးကို ရွေးကောက်ပွဲကိုကာကွယ်တဲ့ဥပဒေပုဒ်မ ၂၃(ခ)နဲ့ စစ်တပ်က အမှုဖွင့်ထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်က အမှုဖွင့်ထားသူတွေဟာ ဒေါက်တာတေဇာဆန်း၊ ကိုခန့်ဝေဖြိုး၊ ကိုနန်းလင်း၊ ထက်မြတ်အောင်၊ မေချီ(ခ)ချီချီနဲ့ မရွှန်း(ခ)ရွှန်းရွှန်းအပြင် စိစစ်ဆဲ အမျိုးသား (၄)ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ဟာ ဒီဇင်ဘာလ (၃)ရက်နေ့က မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့စာတွေ ကြဲချခဲ့တာကြောင့်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ဒေါက်တာတေဇာဆန်းအပါအဝင် (၁၀)ဦးကို ချမ်းအေးသာစံမြို့နယ် အမှတ်(၆)နယ်မြေရဲစခန်းမှာ ရွေးကောက်ပွဲကို ကာကွယ်တဲ့ဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ ဖော်ပြထားပါတယ်။
သပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုးတို့ဟာ မန္တလေးမြို့ပေါ်အထိ သွားရောက်ပြီး စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြခဲ့သလို ပြည်လုံးကျွတ် အသံတိတ်သပိတ်ပြုလုပ်ဖို့ နှိုးဆော်ခဲ့ကြတာပါ။
အခုလို မြို့ပေါ်အထိ ဆန့်ကျင်ဆန္ဒပြခံရတာကြောင့် စစ်တပ်က ဈေးချိုတော်အနီးက ဈေးဆိုင်တွေကို ရန်ရှာဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးရရှိဖို့ သတင်းပေးနိုင်ရင် ကျပ်သိန်း (၂၀၀) ဆုချီးမြှင့်မယ်ဆိုပြီး လိုက်လံစည်းရုံးတာတွေ ရှိပါတယ်။
ဒါပေမယ့် ဆန့်ကျင်ဆန္ဒပြတာမှာ ပါဝင်ခဲ့ကြသူတွေ အားလုံးကတော့ အခုအချိန်မှာ ဘေးကင်းရာကို ရောက်ရှိနေပြီဖြစ်ပြီး ဒီကနေ့ အသံတိတ်သပိတ်မှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ထပ်မံနှိုးဆော်ထားကြတယ်လို့ သိရပါတယ်။








