ဒီဇင်ဘာလ (၁၅)ရက်။
NUG က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဦးမိုးဇော်ဦးကို ခန့်အပ်တာဝန်ပေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုလို ခန့်အပ်တာဝန်ပေးတာဟာ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
ဦးမိုးဇော်ဦးဟာ NUG စတင်ဖွဲ့စည်းခဲ့တဲ့အချိန်ကစပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးအနေနဲ့ တာဝန်ယူဆောင်ရွက်ခဲ့တာပါ။
အဲ့ဒီနောက် ဦးမိုးဇော်ဦးဟာ တာဝန်ကနေ အနားယူခဲ့ပြီး NUG ရဲ့ အစိုးရအဖွဲ့အပြောင်းအလဲမှာ မပါဝင်ခဲ့တော့ဘဲ အခုအခါမှာတော့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ပြန်လည်ခန့်အပ်ထားတာပါ။
အရင်က ဦးမိုးဇော်ဦး တာဝန်ယူခဲ့တဲ့ နိုင်ငံခြားရေးဒုဝန်ကြီးနေရာကို အခုအချိန်မှာတော့ ဒေါက်တာစိုင်းခိုင်မျိုးထွန်းနဲ့ ဒေးဗစ်ဂွမ်အောင်ကို NUG က ခန့်အပ်ထားပါတယ်။
ဒါ့အပြင် NUG ရဲ့ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲခဲ့တာမှာ အရင်က ဝန်ကြီးဌာန (၁၇)ခုရှိခဲ့ပေမယ့် ဝန်ကြီးဌာနအချို့ကို လျော့ချတာတွေကြောင့် (၁၃)ခုသာ ကျန်ရှိတော့တာပါ။
ဒါပေမယ့်လဲ NUG က အပြောင်းအလဲပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့မှာ အရင်လူဟောင်းတွေကိုသာ ပြန်လည်ခန့်အပ်နေရာပေးထားတာတွေကြောင့် ဝေဖန်သံတွေလဲ ထွက်ပေါ်နေပါတယ်။
ဒီလိုဝေဖန်နေတဲ့အပေါ် NUG ဘက်ကတော့ အခုအပြောင်းအလဲဟာ ပထမအဆင့်ဖြစ်ပြီး အဆင့်(၃)ဆင့်နဲ့ ပြုလုပ်နေကာ ဒုတိယအဆင့်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာမှာဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။







