ဇန်နဝါရီလ (၁၃)ရက်။
(၂)လတာထဲ စစ်တပ်ထံက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်သုံ့ပန်းတွေဟာ SAF ရဲ့ စစ်ဆင်ရေးနယ်မြေတခုဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာ လမ်းမကြတဝိုက်က ထွက်ပြေးလာသူတွေနဲ့ တိုက်ပွဲတွေထဲ ဖမ်းမိသူတွေလို့ ဆိုပါတယ်။
အခုလို ဖမ်းဆီးရမိထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တပ်တော်ရဲ့ မူဝါဒတွေ၊ နိုင်ငံတကာစစ်ဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားရှိတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေထဲ တပ်ကြပ် (၁)ဦးနဲ့ ဒုတပ်ကြပ် (၁)ဦးတို့ ပါဝင်ပြီး အခုအခါ တပ်တော်ရဲ့ ရဲဘော်တွေအနေနဲ့ ဆက်လက်တာဝန်ထမ်းဆောင်နေတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် SAF အနေနဲ့ အဖိနှိပ်ခံလူထုကို မျက်နှာမူပြီး တော်လှန်ရေးတာဝန်ထမ်းဆောင်ချင်တဲ့ ဘယ်သူကိုမဆို အတူတိုက်ပွဲဝင်ဖို့ လက်ကမ်းကြိုဆိုနေတယ်လို့ အသိပေးထားချက်အရ သိရပါတယ်။








