ဇန်နဝါရီလ (၂၄)ရက်။
ဇန်နဝါရီလ (၂၀)ရက်နေ့က မြင်းခြံနဲ့ နွားထိုးကြီးမြို့အကြားမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ပွဲဟာ နံနက် (၇)နာရီကနေ စတင်ခဲ့ပြီး ညနေ (၆)နာရီအထိ ဆက်လက်ပြင်းထန်နေကာ စစ်တပ်ဘက်က အရေးနိမ့်တာကြောင့် လေကြောင်းကနေ (၂)ကြိမ် ပစ်ကူခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲထဲ စစ်တပ်ဘက်က (၇)ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့သလို ခဲယမ်းအချို့နဲ့ ဆက်စပ်ပစ္စည်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီတရက်ထဲ နံနက် (၈)နာရီကနေ (၉)နာရီအချိန်အထိ မြင်းခြံမြို့အနောက်ဘက်ရှိ ပတ္တာရွာနဲ့ လေးအိမ်တန်းရွာအကြားမှာ စစ်တပ်နဲ့ MBT တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ခိုက်တာမှာ စစ်တပ်ဘက်က ဗိုလ်တဦးအပါအဝင် (၁၅)ဦးသေဆုံးကာ (၂၀)ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောဆိုထားပါတယ်။
တိုက်ပွဲတွေထဲ MBT နဲ့အတူ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့က Burmese Guerilla Force(BGF)နဲ့ MGN အညာသားပြောက်ကြားတပ်တို့ ပါဝင်ခဲ့ပြီး MBT ရဲဘော် (၂)ဦး ကျဆုံးကာ (၁၄)ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








