ဇန်နဝါရီလ (၂၇)ရက်။
NLD အစိုးရလက်ထက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမြင့်ထွေး ကွယ်လွန်သွားပြီဖြစ်တယ်လို့ ညီဖြစ်သူရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အကိုအကြီးဆုံး ဒေါက်တာ ဦးမြင့်ထွေးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘာမင်ဂရက်ဆေးရုံမှာ ဒေသစံတော်ချိန် ဇန်နဝါရီလ (၂၆)ရက်၊ ညနေ (၅)နာရီ (၄၃)မိနစ်အချိန်မှာ ကွယ်လွန်အနိစ္စရောက်သွားပါကြောင်း ဆွေမျိုးမိတ်ဆွေ သင်္ဂဟတွေကို သိစေအပ်ပါသည်” လို့ သူ့ရဲ့ညီဖြစ်သူ ဦးမင်းဟန်ထွေးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒေါက်တာမြင့်ထွေးဟာ မနေ့က ညနေ (၅)နာရီ (၄၃)မိနစ်အချိန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘာမင်ဂရက်ဆေးရုံမှာ ဆေးကုသနေရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။
ကွယ်လွန်ချိန်မှာ အသက် (၇၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာမြင့်ထွေးဟာ အဆုတ်ကင်ဆာရောဂါအတွက် ဆေးကုသနေရင်း နှလုံးရောဂါဝေဒနာ ထပ်မံခံစားခဲ့ရသလို နမိုးနီးယားလဲဝင်ကာ ကွယ်လွန်သွားခဲ့တာလို့ နီးစပ်သူတွေက ပြောဆိုထားကြပါတယ်။
ဒေါက်တာမြင့်ထွေးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အရှေ့တောင်အာရှရုံးရဲ့ ဒေသဆိုင်ရာအကြံပေးအနေနဲ့ ၁၉၉၄ခုနှစ်ကနေ ၂၀၁၀ပြည့်နှစ်အထိ (၁၆)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အဲ့ဒီနောက် NLD အစိုးရလက်ထက်မှာ ကျန်းမာရေးဝန်ကြီးအနေနဲ့ တာဝန်ယူခဲ့ပြီး စစ်တပ်အာဏာမသိမ်းခင် ကိုဗစ်ကာလမှာ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ ချီးကျူးခံရသူတဦးဖြစ်တယ်လို့ သိရပါတယ်။








