မတ်လ (၄)ရက်။
ပြီးခဲ့တဲ့လကုန်ပိုင်းက တနင်္သာရီမြို့ တမုတ်ချုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကနေ (၂၈)ရက်နေ့အထိ တမုတ်ချုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲတွေမှာ ဒရုန်းနဲ့ အကြိမ်ရေများစွာ တိုက်ခိုက်ခဲ့တာအပြင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့လဲ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်တာတွေ ရှိနိုင်တယ်လို့ ပြောဆိုထားပေမယ့် အသေးစိတ်ကိုတော့ ထည့်သွင်းရေးသားထားတာ မရှိပါဘူး။
ဒါ့အပြင် နယ်မြေရှင်းလင်းတာတွေ ဆောင်ရွက်ချိန်မှာလဲ တမုတ်ချုံရွာထဲ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲတွေမှာ မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၂)၊ ကော့သောင်းခရိုင်တပ်ရင်း(၁)၊ Dragon Squad ဒရုန်းတပ်ဖွဲ့၊ ADF ဒရုန်းတပ်ဖွဲ့၊ တနင်္သာရီမြို့နယ်ပကဖနဲ့ ကျွန်းစုမြို့နယ်ပကဖတို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။








