မတ်လ (၁၆)ရက်။
ဒီကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းကနေ အချက် (၁၀)ချက်ကို အတည်ပြုကြေညာခဲ့တယ်လို့ CRPH ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီအချက်တွေထဲ အကြမ်းဖက်စစ်အုပ်စုနဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ဖန်တီးမယ့် တရားမဝင်လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့အပါအဝင် ဘယ်လို နိုင်ငံရေးအစီအမံကိုမှ အသိအမှတ်မပြုဖို့ ဆိုပါတယ်။
ကြေညာချက်ထဲ သံတမန်ရေးအရ ဆက်ဆံတာတွေ မလုပ်ဖို့ အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသထဲနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝိုင်းကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ တိုက်တွန်းထားပါတယ်။
နောက်ပြီး အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် ဆက်လက်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ သူ့ကြောင့် ဖြစ်ပွားနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေဟာ ဒေသထဲနဲ့ နိုင်ငံတကာရဲ့ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာကြောင့် အဲ့ဒီလုပ်ရပ်တွေကို ဟန့်တားနိုင်ဖို့ နိုင်ငံရေးနဲ့ စီးပွားရေး ပိတ်ဆို့အရေးယူတာတွေ တိုးမြှင့်ဖို့ ထပ်မံတိုက်တွန်းထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက ဦးဆောင်ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ အဲ့ဒီကနေ ဖွဲ့စည်းတဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ ပြည်သူ့ဆန္ဒကို လုံးဝကိုယ်စားမပြုသလို တရားမဝင်ဘူးလို့ ဖော်ပြထားပါတယ်။
CRPH အနေနဲ့ ပြည်သူတွေက ပေးအပ်ထားတဲ့ ဒီမိုကရေစီကိုယ်စားပြုတာကို ဆက်လက်ရရှိထားပြီး အဲ့ဒီကိုယ်စားပြုမှုနဲ့ ဆင့်ကဲအာဏာကို အခု ပြည်သူတွေ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ဖို့ နိုင်ငံရေးလက်နက်အနေနဲ့ ကိုင်စွဲအသုံးပြုသွားမယ်လို့ ပြောဆိုထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လဲ ပြည်သူတွေ ပိုင်ဆိုင်တဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းဖို့ ဘယ်တော်လှန်ရေးအင်အားစုတွေနဲ့မဆို လက်တွဲကြိုးပမ်းသွားမယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီနောက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု ပြီးစီးတဲ့အချိန်မှာ ၂၀၂၀ရွေးကောက်ပွဲကတဆင့် အပ်နှင်းထားတဲ့ ပြည်သူ့ဆင့်လွှဲအာဏာကို မူလပိုင်ရှင်တွေဖြစ်တဲ့ ပြည်သူလူထုထံ ပြန်လည်အပ်နှင်းသွားမယ်လို့ အသိပေးထားပါတယ်။
ကြေညာချက်ထဲ နိုင်ငံတကာအနေနဲ့ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် NUG နဲ့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေကိုသာ တရားဝင် အကျိုးသက်ဆိုင်သူတွေအနေနဲ့ အသိအမှတ်ပြုပြီး နည်းပညာ၊ လူသားစာနာမှုနဲ့ ဘဏ္ဍာရေးအကူအညီတွေ ပေးဖို့ ထည့်သွင်းတောင်းဆိုထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ဖို့ ကုလအပါအဝင် နိုင်ငံတကာအစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့တွေက အခုထက်ပိုပြီး ကြိုးပမ်းပေးဖို့ တိုက်တွန်းထားတယ်လို့လဲ သိရပါတယ်။








