မတ်လ (၁၇)ရက်။
မတ်လ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပခုက္ကူအနောက်ခြမ်း ကန်တော်ရွာကနေ ညောင်ဂျစ်ပင်ပျူစောထီးရွာကို အင်အား (၇၀)ကျော်နဲ့ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ တိုက်ပွဲက (၄)နာရီလောက်ကြာပြီး စစ်ကြောင်း ပြန်ဆုတ်သွားတယ်” လို့ ဆိုပါတယ်။
အဲ့ဒီစစ်တပ်စစ်ကြောင်းဟာ အင်အား (၇၀)ကျော်နဲ့ ကန်တော်ရွာစခန်းကနေ ညောင်ဂျစ်ပင်ပျူစောထီးရွာကို ထွက်ခွာလာချိန် တိုက်ခိုက်ခံရပြီး (၄)နာရီနီးပါး ကြာမြင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ စစ်တပ်ဘက်က (၅)ဦး သေဆုံးတာကို မျက်မြင်အတည်ပြုနိုင်ခဲ့ပေမယ့် ဘယ်လောက်ထိခိုက်ဒဏ်ရာရတယ်ဆိုတာကိုတော့ စိစစ်နေတယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာမှာ စစ်တပ်ဆီကနေ လက်နက်ခဲယမ်းအနည်းငယ် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီစစ်တပ်စစ်ကြောင်းဟာ ကမ္မမြို့နယ်ရဲစခန်း၊ ကန်တော်ရွာစခန်းနဲ့ ညောင်ဂျစ်ပင်ရွာပျူစောထီးစခန်းတို့ကို လှည့်လည်သွားလာနေတဲ့ စစ်ကြောင်းဖြစ်တယ်လို ပြောဆိုထားပါတယ်။
တိုက်ပွဲမှာ PLA အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ Magway PDF၊ ကမ္မတပ်ပေါင်းစု၊ Pakokku Column၊ Anyar Revolution Force-ARF၊ Young Force နဲ့ ပခုက္ကူ Local တပ်ပေါင်းစုတွေ ပါဝင်တယ်လို့ သိရပါတယ်။








