မတ်လ (၁၈)ရက်။
စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအင်အား (၉၄၉၆၀)ဦးအထိ ရှိလာပြီလို မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ(MDSI)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုအခါ စစ်ကော်မရှင်တပ် စုဆောင်းလေ့ကျင့်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀)အထိကို သင်တန်းဆင်းတပ်သား (၁)သိန်းနီးပါးရှိလာတာလို ဆိုပါတယ်။
စစ်ကော်မရှင်ဟာ စစ်မှုထမ်းသင်တန်းကို လတိုင်း မပျက်မကွက် ဖွင့်လှစ်လေ့ကျင့်ပေးနေကာ သင်တန်းအမှတ်စဉ်တခုကို ပျမ်းမျှ (၄၈၀၀)ဝန်းကျင် စုဆောင်းရရှိခဲ့တယ်လို ဖော်ပြထားပါတယ်။
နောက်ပြီး စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းရရှိသူတွေထဲက အချိုကို အခြေခံတပ်သားသစ် သင်တန်းတွေဆီ ခွဲဝေပိုဆောင်ကာ လေ့ကျင့်သင်တန်းပေးတာတွေ ရှိနေတယ်လို ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ဟာ စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၀)ကို မတ်လ (၃)ရက်နေ့က သင်တန်းဆင်းပေးခဲ့သလို ဖေဖော်ဝါရီလအထိ အမှတ်စဉ် (၂၂)ကို လက်ခံဖွင့်လှစ်လေ့ကျင့်ပေးနေတယ်လို ပြောဆိုထားပါတယ်။
ဒါ့ကြောင့် စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေရဲ့ အကျိုးဆက်အနေနဲ့ လူငယ် ထောင်ပေါင်းများစွာ ဥပဒေမဲ့ ဖမ်းဆီးစုဆောင်းခံရတာ၊ ရှေ့တန်းစစ်မြေပြင်တွေမှာ အများအပြား ထိခိုက်သေဆုံးတာအပြင် နိုင်ငံရဲ့ နေ့စဉ်လူမှုဘဝနဲ့ လူငယ်ထုအနာဂတ်ကို များစွာ ထိခိုက်စေတယ်လို ထုတ်ပြန်ထားပါတယ်။
လက်တွေ့ မြေပြင်အနေအထားမှာလဲ စစ်မြေပြင်တွေမှာ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ တော်လှန်ရေးတပ်တွေဆီ နည်းမျိုးစုံနဲ့ လက်နက်ချ အလင်းဝင်တာတွေ အဆက်မပြတ်ရှိနေတယ်လို သိရပါတယ်။








