CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်
အီရန်နိုင်ငံသည် ၎င်း၏အုပ်ချုပ်ရေးယန္တရားအတွက် အပြင်းထန်ဆုံးသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသော်လည်း၊ ဒေသတွင်းအခြေအနေကို မိမိတို့အလိုကျ ပြန်လည်ပုံဖော်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်နှင့် အစ္စရေးတို့နှင့်ဖြစ်ပွားနေသော ပဋိပက္ခကို ဆက်လက် ဆွဲဆန့်လိုသည့် အရိပ်အယောင်များ ပြသနေသည်။
ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း အမေရိကန်နှင့် အစ္စရေးတို့၏ နေ့စဉ်နှင့်အမျှ တိုက်ခိုက်မှုများကြောင့် အီရန်ခေါင်းဆောင်ပိုင်းနှင့် စစ်ဘက်ကွပ်ကဲမှုစနစ်တစ်ခုလုံး ပြိုလဲလုနီးပါး ဖြစ်ခဲ့ရပြီး ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ နှစ်ရှည်လများ စီးပွားရေးကျပ်တည်းမှု၊ ပိတ်ဆို့အရေးယူမှုများနှင့် စီမံခန့်ခွဲမှုအမှားများကြောင့် နွမ်းနယ် နေပြီဖြစ်သော အီရန်ပြည်သူများသည် ယခုအခါ စစ်အတွင်း ရိက္ခာပြတ်လပ်မှု၊ အခြေခံအဆောက်အအုံ ပျက်စီးမှုနှင့် စစ်အုပ်ချုပ်ရေးဆန်ဆန် ပြည်တွင်းအခြေအနေ များကိုပါ ထပ်မံရင်ဆိုင်နေရသည်။
သို့သော်လည်း အုပ်ချုပ်ရေးယန္တရား ပြိုလဲနိုင်သည့် စစ်မှန်သော အန္တရာယ်များ ရှိနေ လင့်ကစား၊ အီရန်၏ လက်ကျန်ခေါင်းဆောင်များသည် တင်းမာမှုကို မြှင့်တင်မည့် စကားလုံးများကိုသာ ဆက်လက်သုံးနှုန်းနေကြသည်။
၎င်းတို့သည် အီရန်အနေဖြင့် ဒဏ်ရာဒဏ်ချက်များကို ခံနိုင်ရည်ရှိကြောင်း၊ ခေါင်းဆောင်ပိုင်း ထပ်မံဆုံးရှုံးရခြင်းအပေါ် ဂရုမစိုက်ကြောင်းနှင့် စစ်ပွဲကို ရည်ရွယ်ချက်ရှိရှိ ဆွဲဆန့်သွားမည် ဖြစ်ကြောင်း ထပ်တလဲလဲ ပြောဆိုနေကြပြီး၊ တစ်ချိန်တည်းမှာပင် ဒေသတွင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ တည်ငြိမ်မှုကို နှောင့်ယှက်လျက်ရှိသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “ ခြွင်းချက်မရှိ လက်နက်ချရန်” တောင်းဆိုထား သော်လည်း၊ အီရန်၏ လက်ကျန်ခေါင်းဆောင်ပိုင်းကမူ ၎င်းတို့သည် အောင်ပွဲခံပြီးသူများ အဖြစ် ပုံဖော်ကာ ငြိမ်းချမ်းရေးအတွက် မြင့်မားသော တောင်းဆိုချက်များကို တင်ပြခဲ့သည်။ ၎င်းတို့သည် ဒေသတွင်း အခြေအနေသစ် (Status Quo) တစ်ရပ် သတ်မှတ်ရန်၊ စစ်လျော် ကြေး ပေးရန်နှင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများနှင့် အမေရိကန်တို့အကြား ဆယ်စုနှစ်များစွာ ကြာ တည်ရှိခဲ့သည့် မဟာမိတ်ဆက်ဆံရေးကို ပြောင်းလဲရန် တောင်းဆိုခဲ့ကြသည်။
“ အပစ်အခတ်ရပ်စဲရေးဆိုတာ စစ်ပွဲပြန်မဖြစ်ဖို့ အာမခံချက်ရှိမှသာ ယုတ္တိတန်ပါလိမ့်မယ်။ ရန်သူက ပျက်စီးသွားတဲ့ ရေဒါတွေကို ပြင်ဆင်ဖို့ ဒါမှမဟုတ် ဒုံးခွဲချစနစ် (Interceptor Missiles) တွေ လိုအပ်နေတာကို ဖြည့်တင်းဖို့ အခွင့်အရေးရသွားပြီး ကျွန်တော်တို့ကို ပြန်တိုက်မယ့် အပစ်အခတ်ရပ်စဲရေးမျိုးကို လက်မခံနိုင်ပါဘူး” ဟု အီရန်လွှတ်တော်ဥက္ကဋ္ဌနှင့် အသက်ရှင်ကျန်ရစ်သည့် အဆင့်မြင့်အရာရှိကြီးတစ်ဦးဖြစ်သူ မိုဟာမက်ဘက်ဟာ ဂါလိဘာ့ဖ် (Mohammad Bagher Ghalibaf) က ပြောကြားခဲ့သည်။
“ ရန်သူက သူ့ရဲ့ ကျူးကျော်မှုကို အမှန်တကယ် နောင်တရတဲ့အထိ၊ ပြီးတော့ ကမ္ဘာနဲ့ ဒေသတွင်းမှာ သင့်တော်တဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး အခြေအနေတွေ ဖြစ်ပေါ်လာတဲ့အထိ ကျွန်တော်တို့ ဆက်တိုက်သွားမှာပါ” ဟု ၎င်းက တနင်္လာနေ့တွင် Al Araby Al-Jadeed သတင်းဌာနသို့ ပြောကြားခဲ့သည်။
စစ်ပွဲအပြီးတွင် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အတွက် “ အီရန်၏ အကျိုးစီးပွား” ကို ထည့်သွင်းစဉ်းစားထားသည့် “ လုပ်ထုံးလုပ်နည်းအသစ်” တစ်ရပ် ရှိရမည်ဖြစ်ပြီး၊ သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးကို “ သတ်မှတ်ထားသော အခြေအနေများ” အောက်တွင်သာ ခွင့်ပြုသင့်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရပ်ချီ (Abbas Araghchi) က အင်္ဂါနေ့တွင် Al Jazeera သို့ ပြောကြားခဲ့သည်။
အီရန်သည် နိုင်ငံခြားတွင် ပိတ်ဆို့ခံထားရသော ပိုင်ဆိုင်မှုများကို ပြန်လည်ထုတ်ပေးရန် တောင်းဆိုခြင်း သို့မဟုတ် အီရန်ကမ်းရိုးတန်းအနီးရှိ နိုင်ငံတကာရေပိုင်နက် ရေလက်ကြား ကျဉ်းကို အသုံးပြုသည့် နိုင်ငံများထံမှ ဖြတ်သန်းခ ကောက်ခံခြင်းအထိ လုပ်ဆောင်လာနိုင် ကြောင်း လေ့လာသူများက ဆိုသည်။
“ ဟော်မုဇ် ရေလက်ကြား အခြေအနေဟာ စစ်မဖြစ်ခင်က အခြေအနေမျိုးကို ပြန်ရောက် တော့မှာ မဟုတ်ပါဘူး” ဟု ဂါလိဘာ့ဖ် (Ghalibaf) က အင်္ဂါနေ့တွင် X လူမှုကွန်ရက်၌ ရေးသားခဲ့သည်။
‘နောက်တစ်နေ့’ အတွက် ဖိအားပေးခြင်း
အနောက်အုပ်စုနှင့် အီရန်တို့အကြား ဆယ်စုနှစ်နှစ်ခုကျော်ကြာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ် ခဲ့ပြီးနောက်၊ အမေရိကန်နှင့် အစ္စရေးတို့သည် ပြီးခဲ့သည့်လနှောင်းပိုင်းတွင် အီရန်ကို တိုက်ခိုက်ခဲ့ရာ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာအလီ ခါမန်နီ(Ayatollah Ali Khamenei) သေဆုံးခဲ့ပြီး နိုင်ငံ၏ စစ်ဘက်နှင့် အရပ်ဘက်ကွပ်ကဲမှုစနစ်များ ပြင်းထန်စွာ ပျက်စီးခဲ့သည်။
တဟီရန်၏ တုံ့ပြန်မှုသည် မြန်ဆန်ပြီး ပြင်းထန်ခဲ့သည်။ ၎င်းတို့သည် ဒေသတွင်းရှိ အမေရိကန်မဟာမိတ်များထံသို့ ဒုံးကျည်နှင့် ဒရုန်းရာပေါင်းများစွာကို စဉ်ဆက်မပြတ် ပစ်လွှတ်ခဲ့သဖြင့် အာရပ်အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး တင်းမာခဲ့ရပြီး၊ ဟော်မုဇ် ရေလက်ကြားရှိ သင်္ဘောများကို ထပ်တလဲလဲ တိုက်ခိုက်ခြင်းဖြင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို နှောင့်ယှက်ခဲ့သည်။
“ ပန်းတိုင်ကတော့ အဲဒီဖိအားတွေကို စစ်ပြီးခေတ် ‘နောက်တစ်နေ့’ ရလဒ်အဖြစ် ပြောင်းလဲ ပစ်ဖို့ပါပဲ” ဟု အပြည်ပြည်ဆိုင်ရာ မူဝါဒစင်တာ (Center for International Policy) မှ အကြီးတန်းသုတေသနအဖွဲ့ဝင် စီနာတူးစီ(Sina Toossi) က ပြောသည်။
“ အီရန်ဟာ သူတို့ကို ဝိုင်းပယ်ထားတာ ဒါမှမဟုတ် ပြိုလဲအောင် ပစ်မှတ်ထားခံနေရတာမျိုး မရှိတော့တဲ့ အခြေအနေသစ်တစ်ခုကို ရှာဖွေနေတာပါ။ အီရန်ရဲ့ တည်ငြိမ်မှုဟာ ပါရှန်း ပင်လယ်ကွေ့နဲ့ ကမ္ဘာ့စီးပွားရေးရဲ့ တည်ငြိမ်မှုနဲ့ ဆက်စပ်နေတယ်လို့ မြင်လာမယ့် ဒေသတွင်း မျှခြေအသစ်တစ်ခုမှာ ပါဝင်ချင်နေတာပါ” ဟု Toossi က CNN သို့ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ ဟက်ဆက်(Pete Hegseth) က အီရန်သည် စစ်ရှုံးနေပြီဖြစ်ကြောင်း ထပ်တလဲလဲ ပြောဆိုခဲ့သည်။ ထရမ့်ကလည်း အီရန်စစ်တပ်သည် “ ပြိုကွဲပျက်စီး” နေပြီဖြစ်ပြီး ၎င်းတို့၏ ခေါင်းဆောင် ပိုင်းမှာလည်း “ အဆင့်တိုင်းနီးပါး” မရှိတော့ကြောင်း အင်္ဂါနေ့တွင် Truth Social ၌ ရေးသားခဲ့သည်။
“ ကျွန်ုပ်တို့၊ ကျွန်ုပ်တို့၏ အရှေ့အလယ်ပိုင်း မဟာမိတ်များ သို့မဟုတ် ကမ္ဘာကြီးကို နောက်ထပ် ဘယ်တော့မှ ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ပါဘူး” ဟု ၎င်းက ရေးသားခဲ့သည်။
နာရီပိုင်းအကြာတွင် အီရန်သည် အရှေ့အလယ်ပိုင်းသို့ ၆၁ ကြိမ်မြောက် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ရာ အစ္စရေးတွင် ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့သည်။
“ သာမန်စစ်ရေးအရဆိုရင် (အီရန်က) မနိုင်ပါဘူး၊ ဒါပေမဲ့ သူတို့က အဲဒီလိုနည်းနဲ့ နိုင်ဖို့ မလိုပါဘူး” ဟု Johns Hopkins တက္ကသိုလ်မှ အရှေ့အလယ်ပိုင်းလေ့လာရေး ပါရဂူ နာဂဲစ် ဘာဂျော့လီ (Narges Bajoghli) က CNN သို့ ပြောကြားခဲ့ပြီး၊ အီရန်၏ “ ဗျူဟာတစ်ခုလုံးဟာ စစ်ပွဲကို ဆက်လက်ဆွဲဆန့်ရတာ ကုန်ကျစရိတ်ကြီးမားအောင် လုပ်ဆောင်တဲ့ အချိုးမညီ စစ်ဆင်ရေး (Asymmetrical Warfare) ပေါ်မှာ အခြေခံထားတာ” ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
အမေရိကန်နှင့် ပင်လယ်ကွပ်အာရပ်နိုင်ငံများသည် ရေနံကုန်သွယ်မှု ပြတ်တောက်ခြင်းနှင့် ဈေးနှုန်းမြင့်တက်ခြင်းကို “ အကန့်အသတ်မရှိ သည်းခံနိုင်မှာ မဟုတ်ဘူး” ဟု ဘာဂျော့လီ (Bajoghli) က ဆိုသည်။ “ ဘယ်အချိန်မှာ သူတို့က ‘တော်ပြီ’ လို့ ပြောမလဲ? အဲဒါက အီရန်က အသုံးချနေတဲ့ အားသာချက်တွေပါပဲ။”
အရေးပေါ်အစီအစဉ်များ
အစ္စရေး၊ အမေရိကန်တို့နှင့် ဆယ်စုနှစ်များစွာ ရန်လိုခဲ့ပြီးနောက် တိုက်ခိုက်ခံရနိုင်ခြေကို ကြိုတင်တွက်ဆထားသည့် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) သည် ပဋိပက္ခ ဖြစ်ပွားချိန်တွင် ဗဟိုချုပ်ကိုင်မှုမရှိသော ယူနစ်များကို လှုပ်ရှားစေမည့် အရေးပေါ်အစီအစဉ် များကို ဖော်ဆောင်ထားကြောင်း အီရန်အဆင့်မြင့်အရာရှိများထံမှပြောကြားချက်အရ သိရသည်။
“ ကျွန်တော်တို့ တိုက်ခိုက်ခံရမယ်ဆိုတာ သိထားတဲ့အတွက် စစ်ပွဲရှည်ကြီးအတွက် ပြင်ဆင် ထားပါတယ်။ ပြီးခဲ့တဲ့ စစ်ပွဲအတွေ့အကြုံတွေအရ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးစွမ်းဆောင်ရည် တွေကို သူတို့ ဘယ်လိုနည်းနဲ့ နှိမ်နင်းဖို့ ကြံစည်ထားသလဲဆိုတာ သိပါတယ်။ ဒါကြောင့် အဲဒီအချက်အားလုံးအတွက် တန်ပြန်အစီအမံတွေကို ကျွန်တော်တို့ ရေးဆွဲထားပါတယ်” ဟု ဂါလိဘာ့ဖ် (Ghalibaf) က Al-Araby Al-Jadeed သတင်းသို့ ပြောကြားခဲ့သည်။
အမေရိကန်၏ အကျိုးစီးပွားများကိုသာ ပစ်မှတ်ထားသည်ဟု လူသိရှင်ကြား ပြောဆို နေသော်လည်း၊ IRGC သည် အိုမန်၊ ယူအေအီး၊ ဘာရိန်း၊ ကူဝိတ်၊ ကာတာ၊ အီရတ်နှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတို့ရှိ ဟိုတယ်များ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ အထပ်မြင့် အဆောက်အအုံများနှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားကာ အရပ်ဘက် နှင့် စီးပွားရေး အခြေခံအဆောက်အအုံများအပေါ် မကြုံစဖူး ပြင်းထန်သော တိုက်ခိုက်မှုများ ကို ပြုလုပ်ခဲ့သည်။
အာရပ်နိုင်ငံများအပေါ် အီရန်၏ မကြုံစဖူး လျင်မြန်သော တင်းမာမှု မြှင့်တင်ခြင်းသည် နောင်တွင် ၎င်းတို့ကို မတိုက်ရဲအောင် ဟန့်တားနိုင်မည့် ပြောင်းလဲလာသော ဒေသတွင်း အရှိတရားတစ်ခုကို အတင်းအကျပ် သတ်မှတ်ရန် ကြိုးပမ်းခြင်းပင်ဖြစ်သည်။
“ အမေရိကန်နဲ့ အစ္စရေးတို့က ယခင်အစောင့်တပ် ခေါင်းဆောင်တွေကို သုတ်သင်ခဲ့ တာကြောင့် IRGC တပ်မှူး မျိုးဆက်သစ်တွေ ထွက်ပေါ်လာတာပါ” ဟု ဘာဂျော့လီ (Bajoghli) က ဆိုသည်။ မျိုးဆက်သစ်များသည် အီရန်က အီရတ်နှင့် ဆီးရီးယားတို့တွင် “ စစ်မှန်သော ဒေသတွင်းအာဏာကို ဖြန့်ကျက်ထားခြင်း” ကို မြင်တွေ့ခဲ့ရပြီး “ ၎င်းက စွန့်စားမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုကို တွက်ချက်ပုံအားလုံးကို ပုံဖော်ပေးလိုက်တာ ဖြစ်တယ်” ဟု မှတ်ချက်ပြုခဲ့သည်။
အီရန်၏ ဗျူဟာသည် ယခုအခါ မိမိတို့၏ ကံကြမ္မာကို ကျယ်ပြန့်သော ဒေသကြီးတစ်ခုလုံးနှင့် ချိတ်ဆက်ထားရန် ဗဟိုပြုနေကြောင်း တူးစီ(Toossi )က ပြောသည်။
“ အကယ်၍ အီရန်ဟာ တည်ငြိမ်မှုမရှိဘဲ စီးပွားရေးအရ ရပ်တည်နိုင်စွမ်း မရှိဘူးဆိုရင်၊ ကျယ်ပြန့်တဲ့ ပါရှန်းပင်လယ်ကွပ် စနစ်တစ်ခုလုံးလည်း တည်ငြိမ်မှာ မဟုတ်ဘူးဆိုတာကို ပြသနေတာပါ။ မကြာသေးခင်က သင်္ဘောတွေနဲ့ စွမ်းအင်ဈေးကွက်အပေါ် နှောင့်ယှက်မှု တွေက အဲဒီအားသာချက်ဟာ ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုတာကို မီးမောင်း ထိုးပြနေပါတယ်”
အမေရိကန်ဦးဆောင်သော ဒေသတွင်းအစီအစဉ် ‘ပြိုလဲခြင်း’ လော?
အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ အာမီရာအာကရာမီနီရာ(Amir Akraminia) က အရှေ့အလယ်ပိုင်းတွင် အမေရိကန်ဦးဆောင်ခဲ့သည့် ငါးဆယ်စုနှစ်ကြာ ဒေသတွင်း အစီအစဉ်သည် “ ယနေ့တွင် ပြိုလဲသွားပြီ” ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
အီရန်၏ ဒေသတွင်းဗျူဟာ အောင်မြင်မည်လား ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ ယခုအချိန်အထိ အာရပ်အိမ်နီးချင်း အများစုသည် တဟီရန်၏ တိုက်ခိုက်မှုများကို ရင်ဆိုင် နေရသော်လည်း စစ်ပွဲအတွင်း ပါဝင်ခြင်းမရှိဘဲ နေခဲ့ကြသည်။
သို့သော်လည်း ပင်လယ်ကွေ့အရာရှိ အနည်းဆုံး နှစ်ဦးကမူ ၎င်းတို့နိုင်ငံအနေဖြင့် အမေရိကန်၊ အစ္စရေးတို့နှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားမည်ဟု ပြောဆိုထားသည်။
“ ပင်လယ်ကွပ်ဒေသမှာ အီရန်ကို အဓိက ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်နေကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီအမြင်က နောင်ဆယ်စုနှစ်တွေအထိ ပြောင်းလဲမှာ မဟုတ်ပါဘူး” ဟု ယူအေအီး သမ္မတ၏ သံတမန်ရေးရာ အကြံပေးအန်ဝါဂါဂတ်ရှ် (Anwar Gargash) က အင်္ဂါနေ့တွင် နိုင်ငံခြားဆက်ဆံရေးကောင်စီ (Council on Foreign Relations) သို့ ပြောကြားခဲ့သည်။
ဂါဂတ်ရှ်(Gargash) က ယူအေအီးအနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ်ရန် မဟာမိတ်အဖွဲ့တွင် ပါဝင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပြီး၊ အီရန်၏ စစ်ဗျူဟာတွင် “ အထင်အမြင်မှားမှုများ” ရှိနေကြောင်းနှင့် စစ်ပွဲအပြီးတွင် ပင်လယ်ကွေ့နိုင်ငံများသည် အစ္စရေးနှင့် ပိုမိုနီးစပ်လာနိုင်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ရီးမ် အယ် ဟာ့ရှ်ရှီမီ(Reem Al-Hashimy) က ဩစတြေးလျ ABC ကွန်ရက်သို့ ပြောကြားရာတွင် ၎င်း၏နိုင်ငံအပေါ် အီရန်၏ တိုက်ခိုက်မှုသည် အဘူဒါဘီ၏ အမေရိကန်၊ အစ္စရေးတို့နှင့် သဘောတူညီချက်များကို ပြောင်းလဲစေမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“ အမေရိကန်နဲ့ ကျွန်မတို့ရဲ့ ဆက်ဆံရေးဟာ ရေရှည်တည်တံ့တဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်မှုပါ။ အဲဒါက အကျပ်အတည်းကာလတွေမှာ ယိုင်နဲ့သွားမယ့် မိတ်ဖက်မျိုး မဟုတ်ဘဲ ဆယ်စုနှစ်များစွာကြာ ယုံကြည်မှုနဲ့ အပြန်အလှန် လေးစားမှုပေါ်မှာ တည်ဆောက် ထားတာပါ” ဟု အယ် ဟာ့ရှ်ရှီမီ (Al-Hashimy) က ဆိုပြီး “ ဒါဟာ ကျွန်မတို့ကို နောက်တွန့်သွားစေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ဟာ ကြံ့ကြံ့ခံနိုင်တဲ့ အစုအဖွဲ့ဖြစ်သလို၊ တစ်ဖက်သတ် အနိုင်ကျင့်တာကိုလည်း လက်ခံမယ့်သူတွေ မဟုတ်လို့ပါ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
သို့သော်လည်း အီရန်၏ လက်ရှိအုပ်ချုပ်ရေးယန္တရားအတွက် နောက်ဆုံးရည်မှန်းချက်မှာ စစ်နိုင်ရန်မဟုတ်ဘဲ ရှင်သန်ရပ်တည်နိုင်ရေး၊ ဟန့်တားနိုင်စွမ်းကို ပြန်လည် တည်ဆောက်ရေး နှင့် စစ်ပြီးခေတ် အခြေအနေများကို မိမိတို့အလိုကျ သတ်မှတ်နိုင်ရန် အာဏာကို ပြန်လည် ရယူရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်။
“ နောက်ဆုံးရည်မှန်းချက်က တင်းမာမှုတွေကို သူ့အလိုလို မြှင့်တင်နေတာ မဟုတ်ပါဘူး။ တင်းမာမှုတွေကို မြှင့်တင်ခြင်းအားဖြင့် တစ်ဖက်လူက လိုက်လျောလာအောင် အတင်း အကျပ် လုပ်ဆောင်နေတာပါ” ဟု Toossi က ပြောသည်။ “ အီရန်အနေနဲ့ ဒီစစ်ပွဲကို စစ်ရေးအရ နိုင်ဖို့မလိုပါဘူး။ စစ်ပွဲကို ဆက်လက်ဆွဲဆန့်ရတာဟာ အားလုံးအတွက် ကုန်ကျစရိတ် အရမ်းကြီးမားသွားအောင် လုပ်ဆောင်ဖို့ပဲ လိုအပ်တာပါ။”

တဟီရန်မြို့တွင် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည့် လုံခြုံရေးအကြီးအကဲ Ali Larijani၊ ပြည်သူ့စစ်တပ်မှူး Gholam Soleimani နှင့် အီရန်ရေတပ်ဖရီးဂိတ်သင်္ဘော IRIS Dena မှ သင်္ဘောသား ၈၄ ဦးတို့၏ စုပေါင်းဈာပနသို့ အီရန်ပြည်သူများ တက်ရောက်ခဲ့ကြစဉ်။ (ဓာတ်ပုံ – Majid Saeedi/Getty Images)(ပုံ)

(ဓာတ်ပုံစာ – အီရန်လွှတ်တော်ဥက္ကဋ္ဌ Mohammad Bagher Ghalibaf က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့က တဟီရန်မြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ စကားပြောနေစဉ်။)

(ဓာတ်ပုံစာ – မတ်လ ၈ ရက်နေ့က တဟီရန်မြို့ရှိ Shahran လောင်စာဆီကန်များ တိုက်ခိုက်ခံရပြီးနောက် မီးခိုးများ ထွက်နေစဉ် ပျက်စီးသွားသော ကားတစ်စီးအနီးတွင် လူများ ရပ်နေကြစဉ်။)

(ဓာတ်ပုံစာ – အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်မည်ဟု ကြုံးဝါးနေစဉ် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့က မူစကတ်မြို့တွင် ဆိုက်ကပ်ထားသည့် Luojiashan ရေနံတင်သင်္ဘော။)







