မတ်လ (၂၅)ရက်။
သင်္ကြန်ကာလထဲ စက်သုံးဆီ အများအပြားမသုံးစေဖို လမ်းလျှောက်သင်္ကြန်အနေနဲ့ သတ်မှတ်ကျင်းပဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က စက်သုံးဆီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။
“ သင်္ကြန်ကာလထဲ စက်သုံးဆီသုံးစွဲတာ များပြားမှုမရှိစေဖို တိုင်းနဲ့ပြည်နယ်တွေက မြိုကြီးတွေနဲ့ မြိုနယ်တွေမှာ လမ်းလျှောက်သင်္ကြန်အနေနဲ့ နေရာတွေသတ်မှတ်ပြီး ကျင်းပမယ်ဆိုရင် ပိုမိုသင့်လျော်မှာဖြစ်တယ်” လို ဆိုပါတယ်။
အရင်နှစ်က စစ်ကိုင်းငလျင်ကြောင့် သင်္ကြန်ပွဲတော်ကို အကန့်အသတ်နဲ့သာ ကျင်းပခဲ့ရသလို အခုနှစ်မှာ စက်သုံးဆီ ကန့်သတ်ချက်တွေကြောင့် သင်္ကြန်ပွဲတော် ကျင်းပဖိုကို အကျပ်အတည်း မဖြစ်စေချင်ဘူးလို ပြောဆိုထားပါတယ်။
နောက်ပြီး သင်္ကြန်ပွဲတော်ဟာ ပြည်သူတွေ မျှော်လင့်ထားတဲ့ ရိုးရာပွဲတော်တခုဖြစ်တာကြောင့် ရေသဘင်ဆင်နွှနိုင်အောင် တာဝန်ရှိသူတွေ စနစ်တကျနဲ့ စီမံဆောင်ရွက်ဖို မင်းအောင်လှိင်က ညွှန်ကြားခဲ့ပါသေးတယ်။
အခုအခါ စက်သုံးဆီ ရှားပါးတာကြောင့် သွားလာမှုခက်ခဲပြီး ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာနိုင်ကာ ပြည်တွင်း စက်သုံးဆီ ဖူလုံစွာရရှိဖိုနဲ့ ပြည်သူတွေ အကုန်အကျ အသက်အသာဆုံးနဲ့ သုံးစွဲနိုင်အောင် ဆောင်ရွက်ဖို ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် စက်သုံးဆီတွေကို အမှန်တကယ် အသုံးပြုနေတဲ့ ပြည်သူတွေလက်ဝယ်ကို ရောက်ရှိစေဖိုနဲ့ မှောင်ခိုရောင်းဝယ်တာတွေ မရှိစေဖို မသမာမှု ပြုလုပ်ရောင်းဝယ်နေတာတွေကို ထိထိရောက်ရောက် အရေးယူဖို သတိပေးခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေကြောင့် စက်သုံးဆီတွေ ရှားပါးလာတဲ့အပေါ် စစ်ခေါင်းဆောင် မင်းအောင်လှိင်က စက်သုံးဆီချွေတာနိုင်ဖို့ဆိုပြီး ပြောဆိုနေပေမယ့် တဖက်မှာတော့ လေကြောင်းတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို သိရပါတယ်။








