မတ်လ (၂၅)ရက်။
ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
“ ပြီးခဲ့တဲ့လ (၁၆)ရက်နေ့က ကျောက်ဖြူစစ်မျက်နှာမှာ AA ရှိတဲ့နေရာကို စစ်ကြောင်းထိုးလာတဲ့အချိန် စနိုင်ပါတွေနဲ့ အသင့်စောင့်ပြီး ပစ်ခံရတာ။ အဲ့ဒီမှာ တပ်မ(၁၁)က ဗိုလ်မှူး သက်ထွန်းအောင် နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်” လို ဆိုပါတယ်။
ဖေဖော်ဝါရီလ (၁၆)ရက်နေ့က ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဟာ AA တပ်ရှိရာနေရာကို စစ်ကြောင်းထိုးဝင်ရောက်ချိန် စနိုက်ပါတွေနဲ့ ပစ်ခတ်ခံရတာဖြစ်တယ်လို သိရပါတယ်။
အဲ့ဒီလိုပစ်ခတ်ခံရတာမှာ စစ်ကော်မရှင်ရဲ့ ဗိုလ်မှူး သက်ထွန်းအောင်ဆိုသူ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို ဆိုပါတယ်။
သူဟာ အသက် (၂၅)နှစ်အရွယ်ခန့်ဖြစ်ပြီး ရန်ကုန်တိုင်း၊ အင်းတိုင်အခြေစိုက် အမှတ် (၁၁)ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ရဲမွန်မြိုအခြေစိုက် (ခမရ-၂၁၆)တပ်ရင်းက ဖြစ်ပါတယ်။
သက်ထွန်းအောင်ဟာ ဗိုလ်ရာထူးအဆင့်ကနေ ၂၀၂၅ခုနှစ် နှစ်ကုန်ပိုင်းမှာ ကျောက်ဖြူစစ်မျက်နှာကို ဗိုလ်ကြီးရာထူးနဲ့ ရောက်ရှိလာပြီးနောက် သေဆုံးခဲ့ပြီးမှသာ ဗိုလ်မှူးရာထူးကို ထပ်တိုးပေးခဲ့တာလို ဒေသထဲသတင်းတွေက ရေးသားထားကြပါတယ်။
ဒါ့အပြင် သူဟာ အရင်ကလဲ ခြေထောက်ကို စနိုက်ပါ ထိမှန်ခဲ့ကာ ဒဏ်ရာရရှိခဲ့ပြီး အခုတကြိမ်မှာတော့ ပွဲချင်းပြီးသေဆုံးသွားခဲ့တာဖြစ်ပါတယ်။
အခုအခါ စစ်ကော်မရှင်တပ်ဟာ နိုင်ငံရေး၊ သံတမန်ရေးအရ အလွန်ရေးပါတဲ့ ကျောက်ဖြူမြိုကို လက်မလွှတ်ရဖိုအတွက် ပြည်သူ့စစ်တပ်ဖွဲဝင် အများအပြားကို ရေကြောင်းကနေ ဆက်တိုက်ပိုဆောင်ပြီး အင်အားဖြည့်နေတယ်လို သိရပါတယ်။








