မတ်လ (၂၆)ရက်။
အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ဘုရားကုန်းရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဗုံးသီး (၆)လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့ရာ အရာရှိတဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို ဆိုပါတယ်။
အဲ့ဒီနောက် မတ်လ (၁၉)ရက်နေ့က အောင်သပြေရွာကို စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ဗုံးသီး (၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို ဖော်ပြထားပါတယ်။
နောက်ပြီး မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီ (၄၆)မိနစ်အချိန်မှာ စစ်ကောင်စီစစ်ကြောင်းကို ဗုံးသီး (၄)လုံး ကြဲချခဲ့သလို (၂၁)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်မှာ ဗုံးသီး (၈)လုံး ထပ်မံကြဲချခဲ့တယ်လို ရေးသားထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးထဲ တော်လှန်ရေးတပ်ဖွဲတွေဘက်က အထိအခိုက်မရှိ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို ပြောဆိုထားပါတယ်။
အခုလို တိုက်ခိုက်ခဲ့တာထဲ မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုအပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေဖြစ်တဲ့ MSRF၊ YPDF၊ RMA (၉၀၁)တပ်ရင်း၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ(၁)နဲ့ YGF အမှတ် (၈၀၀၁) ချေမှုန်းရေးတပ်ခွဲတို ပူးပေါင်းပါဝင်ခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။
မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုမှာ MSFC ကွပ်ကဲမှုအောက်ရှိ MSRF နဲ့ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်(၈၀၀၂)တပ်ရင်းနဲ့ YGF အမှတ်(၈၀၀၁)တိုက ဒရုန်းတပ်ဖွဲတွေနဲ့ စုဖွဲထားတာလို သိရပါတယ်။








